မတ် ၁၃
The Kaladan Post
အမေရိကန်လေတပ်ရဲ့ ဝေဟင်ဆီဖြည့်လေယာဉ်ကြီးတစ်စီး အီရတ်နိုင်ငံမှာ ပျက်ကျသွားတဲ့အတွက် အခုချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပူတပြင်း လုပ်ဆောင်နေရပြီလို့ အမေရိကန် စစ်ရေးဗဟိုကွပ်ကဲမှုဌာန (CENTCOM) က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီ KC-135 အမျိုးအစား လေယာဉ်ကြီးဟာ မတ်လ ၁၂ ရက်နေ့က အီရတ်နိုင်ငံ အနောက်ပိုင်းမှာ ပျက်ကျသွားခဲ့တာပါ။ CENTCOM ရဲ့ ပြောကြားချက်အရတော့ “ဒီလေယာဉ်ဟာ ရန်သူက ပစ်ချလိုက်တာ၊ ဒါမှမဟုတ် ကိုယ့်ဘက်ကလူတွေ မှားပစ်မိတာမျိုး ကြုံခဲ့ရတာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။ လောလောဆယ်မှာ ထိခိုက်သေဆုံးမှု အခြေအနေကို အတိအကျ မသိရသေးပေမယ့် အမည်မဖော်လိုတဲ့ စစ်ဘက်အရာရှိတစ်ဦးကတော့ “လေယာဉ်ပေါ်မှာ အနည်းဆုံး အမှုထမ်း ၅ ဦး လိုက်ပါသွားတယ်” လို့ ပြောပါတယ်။
အခုချိန်မှာ အမေရိကန်ဟာ အီရန်နဲ့ ဖြစ်နေတဲ့ စစ်ပွဲအရှိန်မြင့်လာတာနဲ့အမျှ အရှေ့အလယ်ပိုင်းဒေသမှာ လေယာဉ်တွေကို အလုံးအရင်းနဲ့ ဖြန့်ကျက်ထားတာပါ။ ပျက်ကျသွားတဲ့ လေယာဉ်အပါအဝင်၊ မြေပြင်ကို ချောချောမွေ့မွေ့ ဆင်းသက်နိုင်ခဲ့တဲ့ နောက်ထပ်လေယာဉ်တစ်စီးဟာ အီရန်ကို တိုက်ခိုက်နေတဲ့ ‘Epic Fury’ စစ်ဆင်ရေးကြီးမှာ ပါဝင်လှုပ်ရှားနေတာဖြစ်တယ်လို့ CENTCOM က အတည်ပြုထားပါတယ်။ သူတို့က “မဟာမိတ်နိုင်ငံရဲ့ လေပိုင်နက်ထဲမှာ အခုကိစ္စ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးတွေကို ချက်ချင်း ဆောင်ရွက်နေပါတယ်” လို့လည်း ဆိုပါတယ်။
ဒါဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ စစ်ပွဲစတင်ပြီးကတည်းကဆိုရင် အမေရိကန်အတွက် စတုတ္ထမြောက် စစ်လေယာဉ် ဆုံးရှုံးမှုကြီး ဖြစ်လာပါတယ်။ စစ်ပွဲအစောပိုင်းတုန်းကလည်း မဟာမိတ် ကူဝိတ်လေတပ်က အမေရိကန်ရဲ့ F-15 တိုက်လေယာဉ် သုံးစီးကို ရန်သူထင်ပြီး မှားယွင်းပစ်ချမိခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ လေယာဉ်မှူး ၆ ဦးစလုံး လေထီးနဲ့ ဘေးကင်းကင်း ခုန်ထွက်နိုင်ခဲ့ကြပါတယ်။
ဒီအီရန်စစ်ပွဲအတွင်းမှာ အမေရိကန်တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးထားပြီး ၁၅၀ လောက် ဒဏ်ရာရထားပါတယ်။ အီရန်ဘက်မှာတော့ အသေအပျောက် ၁,၃၀၀ ကျော်သွားပြီလို့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်က ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်တို့ကတော့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ဒီထက်ပိုပြီး အသေအပျောက် များလာနိုင်တယ်လို့ ကြိုတင်သတိပေးထားပါတယ်။ ဝန်ကြီး ဟက်ဂ်ဆက်သ်က “အီရန်ဟာ စစ်ပွဲကို ရနိုင်သမျှ ဆက်တိုက်ရင်း စစ်ပွဲမပြီးခင်မှာ အမေရိကန်စစ်သည်တွေကို ရနိုင်သလောက် သတ်ပစ်ဖို့ ကြိုးစားနေတယ်” လို့ ပြင်းပြင်းထန်ထန် ပြောကြားထားပါတယ်။
(ကိုးကား: Guardian)
(ဓာတ်ပုံ – Getty Images)