ဇွန် ၁၅၊ ၂၀၂၆
The Kaladan Post
ယူကရိန်းနိုင်ငံရဲ့ မြို့တော် ကိယက်ဗ် အပါအဝင် မြို့ကြီးတွေကို ရုရှားက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သမိုင်းဝင် ဘုန်းကြီးကျောင်းကြီး တစ်ခုလည်း တိုက်ရိုက်ထိမှန် မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ နှစ်ပတ်အတွင်း ရုရှားရဲ့ အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပါတယ်။ မြို့တော်ကိယက်ဗ်မှာ လူ ၄ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့သလို၊ အေဒီ ၁၀၅၁ ခုနှစ်ကတည်းက တည်ရှိခဲ့တဲ့ သမိုင်းဝင် Kyiv Pechersk Lavra ဘုန်းကြီးကျောင်းကြီးလည်း တိုက်ရိုက်ထိမှန်ပြီး အကြီးအကျယ် ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
“ရုရှားရဲ့ ဒီတိုက်ခိုက်မှုဟာ ၁၁ ရာစုကတည်းက တည်ရှိခဲ့တဲ့ Dormition Cathedral ဘုရားကျောင်းကို မီးလောင်စေခဲ့ပါတယ်။ ဒါဟာ ခရစ်ယာန်ယဉ်ကျေးမှုအပေါ် ရုရှားက ကျူးလွန်တဲ့ အဆိုးရွားဆုံး ရာဇဝတ်မှုတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်” လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ် (Kharkiv) မှာလည်း ရုရှားရဲ့ ဗုံးကြဲမှုကြောင့် လူ ၅ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ အရှိန်ပြင်းလွန်းတာကြောင့် အိမ်နီးချင်း ပိုလန်နိုင်ငံကတောင် သူတို့ရဲ့ တိုက်လေယာဉ်တွေကို အကာအကွယ်ပေးဖို့ အရေးပေါ် ပျံတက်စေခဲ့ရပါတယ်။
ထူးခြားချက်ကတော့ ဒီတိုက်ခိုက်မှုဟာ သမ္မတ ဇလန်းစကီးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ ဖုန်းနဲ့ဆက်သွယ်ပြီး ၄ နှစ်ကျော်ကြာနေပြီဖြစ်တဲ့ ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ဆွေးနွေးခဲ့အပြီး နောက်တစ်နေ့မှာတင် ဖြစ်ပွားခဲ့တာပါ။ လာမယ့်အပတ် ပြင်သစ်မှာကျင်းပမယ့် G7 ထိပ်သီးအစည်းအဝေးမတိုင်ခင်မှာ အခုလို တိုက်ခိုက်မှုတွေ ပြန်လည်ပြင်းထန်လာတာလည်း ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ယူကရိန်းဘက်က ရုရှားပိုင်နက်ထဲက တူလာ (Tula) မြို့ကို ပြန်လည်တိုက်ခိုက်ခဲ့သလို၊ ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသဆီ သွားတဲ့ ထောက်ပို့လမ်းကြောင်းတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
Source: Reuters (Jekaterina Golubkova and Pavel Polityuk)