ဇွန် ၂၉၊ ၂၀၂၆

The Kaladan Post

 

ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ဖယ်ရှားခံရပြီး အိန္ဒိယနိုင်ငံမှာ ခိုလှုံနေရတာ နှစ်နှစ်နီးပါး ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ (Sheikh Hasina) က သူမအနေနဲ့ “ယခုနှစ်အတွင်း” ကိုယ့်နိုင်ငံကို ပြန်လာမယ်လို့ ကြေညာလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (International Crimes Tribunal) က သူမကို သေဒဏ်ချမှတ်ထားပေမယ့်လည်း ပြန်လာဖို့ အခိုင်အမာ ဆုံးဖြတ်ထားကြောင်း ပြောကြားလိုက်တာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အဆိုပါ ခုံရုံးဟာ ရှိတ်ဟာဆီနာ ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဟာဆီနာ ကတော့ ဒီစွဲချက်တွေနဲ့ စီရင်ချက်ဟာ တရားဝင်မှုမရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုခဲ့ပါတယ်။ မကြာသေးမီက NDTV သတင်းဌာနနဲ့ အင်တာဗျူးမှာလည်း ဒီစီရင်ချက်ဟာ သူမရဲ့ Awami League ပါတီကို ခေါင်းဆောင်မရှိအောင် လုပ်ပြီး ပါတီကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေးအရ အသုံးချခံရတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဟာဆီနာ က “ကျွန်မကို ချမှတ်လိုက်တဲ့ စီရင်ချက်ဟာ တရားမျှတမှု မဟုတ်ပါဘူး။ ဒါဟာ တရားမဝင်တဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့၊ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ Awami League ပါတီကို ခေါင်းဆောင်မဲ့ဖြစ်သွားအောင် တရားစီရင်ရေးကဏ္ဍကို နိုင်ငံရေးလက်တုံ့ပြန်မှု ကိရိယာတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်တာပါ။ ဒီလို ကြိုးပမ်းမှုမျိုးတွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း ကျရှုံးခဲ့သလို၊ အခုလည်း ကျရှုံးမှာပါပဲ။” လို့ ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။

အသက်အန္တရာယ်ရှိနေတဲ့ကြားကနေ ဘာကြောင့် နိုင်ငံကိုပြန်ဖို့ ဆုံးဖြတ်ရတာလဲဆိုတဲ့ မေးခွန်းအပေါ် ဟာဆီနာ က သူမရဲ့ နိုင်ငံရေးဘဝတစ်လျှောက်လုံး ခြိမ်းခြောက်မှုတွေ အကြိမ်ကြိမ် ကြုံခဲ့ရပြီးဖြစ်လို့ သေရမှာကို မကြောက်တော့ဘူးလို့ ဖြေကြားခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဖခင်ကြီးဖြစ်သူ ဖခင် ရှိတ်မူဂျီဘူရ် ရဟ်မန် (Sheikh Mujibur Rahman) နဲ့ မိသားစုဝင်အားလုံးနီးပါး လုပ်ကြံခံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်လည်ပြောပြရင်း သူမရဲ့ဘဝဟာ အကြမ်းဖက်မှုတွေနဲ့သာ ကြီးပြင်းလာခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူမရဲ့ နိုင်ငံရေးလူထုဟောပြောပွဲမှာ လက်ပစ်ဗုံးနဲ့ လုပ်ကြံခံခဲ့ရတဲ့ သြဂုတ်လ ၂၁ ရက်နေ့ တိုက်ခိုက်မှုအပါအဝင် သူမကို နှုတ်ပိတ်ဖို့ ကြိုးစားခဲ့တဲ့ ပူးပေါင်းကြံစည်မှု မြောက်မြားစွာဟာလည်း ကျရှုံးခဲ့ရတယ်လို့ ထောက်ပြခဲ့ပါတယ်။

“ကျွန်မ သေရမှာကို မကြောက်ပါဘူး။ ၁၉၇၅ ခုနှစ်မှာ ကျွန်မရဲ့ မိဘတွေ၊ အစ်ကိုတွေနဲ့ မိသားစုတစ်ခုလုံးနီးပါးကို ဆုံးရှုံးခဲ့ရပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့တုန်းကလည်း ကျွန်မကို လက်ပစ်ဗုံးတွေနဲ့ သတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ကျွန်မအပေါ် ပူးပေါင်းကြံစည်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပူးပေါင်းကြံစည်မှု ကွန်ရက်တိုင်းကို ဖောက်ထွက်ပြီး ဘင်္ဂလားဒေ့ရှ်ပြည်သူတွေဘေးမှာ ကျွန်မ အမြဲတမ်း ရပ်တည်ခဲ့ပါတယ်။” လို့ ဟာဆီနာ က NDTV ကို ပြောကြားခဲ့ပါတယ်။

သတင်း Source: WION