မတ် ၅
The Kaladan Post
အမေရိကန် ရေတပ်၏ တော်ပီဒို ပစ်ခတ်မှုကြောင့် နစ်မြှုပ်သွားခဲ့သည့် အီရန် စစ်သင်္ဘော IRIS Dena မှ ရုပ်အလောင်း ၉၀ နီးပါးကို သီရိလင်္ကာ ရေတပ်က ဆယ်ယူရရှိထားကြောင်း သတင်းများအရ သိရသည်။
သီရိလင်္ကာ အာဏာပိုင်များ၏ အဆိုအရ မတ်လ ၄ ရက်နေ့ မနက်အစောပိုင်းတွင် သီရိလင်္ကာ ကမ်းလွန် ပင်လယ်ပြင်အနီးတွင် နစ်မြှုပ်နေသည့် အီရန် စစ်သင်္ဘောတစ်စီးမှ အရေးပေါ် အကူအညီ တောင်းခံမှုကို လက်ခံရရှိခဲ့ပြီးနောက် သီရိလင်္ကာ ရေတပ်က သွားရောက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေး လုပ်ငန်းများအတွင်း IRIS Dena စစ်သင်္ဘောပေါ်မှ ရေတပ်သား ၃၂ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး မတ်လ ၅ ရက်နေ့အထိ ရုပ်အလောင်း ၈၇ ခု ဆယ်ယူရရှိထားကြောင်း သီရိလင်္ကာ ရေတပ်ဘက်မှ ထုတ်ပြန်ထားသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) က အိန္ဒိယ သမုဒ္ဒရာအတွင်း အီရန် ရေတပ်၏ ဂုဏ်ယူရသည့် စစ်သင်္ဘောတစ်စီးကို အမေရိကန် ရေငုပ်သင်္ဘောမှ တော်ပီဒိုဖြင့် ပစ်ခတ်နှစ်မြှုပ်ခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
ထို့ပြင် ယခုတိုက်ခိုက်မှုသည် ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်း အမေရိကန် ရေငုပ်သင်္ဘောမှ ရန်သူ ရေယာဉ်တစ်စီးကို တော်ပီဒိုဖြင့် ပစ်ခတ်နှစ်မြှုပ်ခဲ့သည့် ပထမဆုံး ဖြစ်ရပ် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီ (Abbas Araghchi) ကတော့ အမေရိကန်၏ လုပ်ရပ်သည် အီရန် ကမ်းခြေမှ မိုင် ၂၀၀၀ ခန့် ဝေးကွာသည့် နိုင်ငံတကာ ရေပိုင်နက်အတွင်း ဖြစ်ပွားခဲ့သည့် အကြောင်းမဲ့ ရန်လိုတိုက်ခိုက်မှု ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။
အဆိုပါ Dena ဖရီးဂိတ် စစ်သင်္ဘော သည် အိန္ဒိယ ရေတပ်၏ ဖိတ်ကြားမှုဖြင့် နိုင်ငံတကာ ရေတပ်ဖွဲ့များ ပါဝင်သည့် ဆန်းစစ်မှု အခမ်းအနားတစ်ခုတွင် ပါဝင်ရန် စစ်သည်အင်အား ၁၃၀ ခန့်နှင့် သွားရောက်ခဲ့ကြောင်း အီရန်ဘက်မှ ပြောကြားထားသည်။ သို့သော် အိန္ဒိယ ရေတပ် သတင်းရင်းမြစ်များကတော့ အဆိုပါ စစ်သင်္ဘောသည် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် အိန္ဒိယမှ ထွက်ခွာသွားပြီးဖြစ်သဖြင့် လက်ရှိအချိန်တွင် အိန္ဒိယ ရေတပ်၏ ဧည့်သည် ရေယာဉ် မဟုတ်တော့ကြောင်း ပြောကြားထားသည်။
IRIS Dena သည် အီရန် ရေတပ်၏ အသစ်လွင်ဆုံး စစ်သင်္ဘောများထဲမှ တစ်စီးဖြစ်ပြီး ကမ်းဝေး ပင်လယ်ပြင်များတွင် ကင်းလှည့် ခုတ်မောင်းနိုင်ရန် တည်ဆောက်ထားကာ အကြီးစား အမြောက်များ၊ လေကြောင်းပစ် ဒုံးကျည်များ၊ သင်္ဘောဖျက် ဒုံးကျည်များနှင့် တော်ပီဒိုများ တပ်ဆင်ထားသည့် စစ်သင်္ဘောဖြစ်ကြောင်း သိရသည်။
အမေရိကန်၏ ဗဟို စစ်ရေး ကွပ်ကဲမှုဌာန CENTCOM ၏ ထုတ်ပြန်ချက်အရ အီရန်နှင့် ပတ်သက်သည့် စစ်ရေး ပဋိပက္ခများ စတင်ကတည်းက အီရန် ရေတပ်၏ စစ်သင်္ဘောပေါင်း ၂၀ ခန့် ကို အမေရိကန်နှင့် အစ္စရေး ပူးပေါင်း တိုက်ခိုက် နှစ်မြှုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။
Source — AP News ၊ အီရန် ကာကွယ်ရေးဝန်ကြီးဌာန
Photo — AP / Iranian Ministry of Defence