မတ် ၁၂

The Kaladan Post

 

အမေရိကန် ဗုံးကြဲလေယာဉ်ကြီးတွေ ရောက်ရှိတပ်စွဲထားတဲ့ ဗြိတိန်လေတပ်စခန်းမှာ လက်နက်ခဲယမ်း အမြောက်အမြားကို ရွှေ့ပြောင်းသယ်ယူမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“မတ်လ ၁၀ ရက်နေ့ဟာ အီရန်စစ်ပွဲကာလတလျှောက် အမေရိကန်ရဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေကို တွေ့မြင်ရတဲ့နေ့ ဖြစ်ခဲ့ပါတယ်” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ် (Pete Hegseth) က ပြောဆိုခဲ့ပါတယ်။ အဲဒီလို ပြောဆိုအပြီးမှာပဲ ဂလူဆက်စတာရှိုင်းယားမှာရှိတဲ့ ဖဲဖို့ဒ် (Fairford) လေတပ်စခန်းမှာ အမေရိကန်လေတပ် မြေပြင်ဝန်ထမ်းတွေက ဗုံးတွေ၊ ဒုံးကျည်တွေကို ရွှေ့ပြောင်းသယ်ယူနေတာကို တွေ့လာရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကုန်ကတည်းက ဖဲဖို့ဒ် လေတပ်စခန်းကို B-52 ဗုံးကြဲလေယာဉ်ကြီး (၃) စီးနဲ့ B-1 ဗုံးကြဲလေယာဉ် (၄) စီး ဆိုက်ရောက်ထားတာပါ။

ဗြိတိန်ဝန်ကြီးချုပ် ဆာကီရာ စတာမာက အစောပိုင်းမှာ အီရန်စစ်ပွဲထဲ ဝင်မပါဘူးလို့ အတိအလင်း ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို တုံ့ပြန်ပစ်ချမယ့် ခံစစ်မစ်ရှင်တွေအတွက် ဗြိတိန်လေတပ်စခန်းတွေကို အသုံးပြုဖို့ အမေရိကန်ကို ခွင့်ပြုပေးလိုက်ပါတယ်။ ဒီလို ခြွင်းချက်နဲ့ ခွင့်ပြုလိုက်တဲ့အထဲမှာ အီရန်ရဲ့ ဒုံးကျည်သိုလှောင်ရုံတွေနဲ့ ပစ်စင်တွေကို ဖျက်ဆီးမယ့် စစ်ဆင်ရေးတွေလည်း အကျုံးဝင်တယ်လို့ သိရပါတယ်။ ဒီလို ခွင့်ပြုချက်ပေးပြီးနောက်ပိုင်းမှာ လေတပ်စခန်းမှာ စစ်လေယာဉ်တွေ အတက်အဆင်း ပိုများလာတယ်လို့ ဒေသခံတွေကလည်း ပြောကြပါတယ်။

လက်ရှိ အမေရိကန်လေတပ်မှာ ဗုံးကြဲလေယာဉ် အမျိုးအစား (၃) ခု အသုံးပြုနေတာပါ။ အဲဒီအထဲက B-1 လေယာဉ်တွေဟာ တစ်နာရီကို မိုင် ၉၀၀ ကျော် ပျံသန်းနိုင်တဲ့ အမြန်ဆုံး ဗုံးကြဲလေယာဉ်တွေဖြစ်ပြီး အဆင့်မြင့်ရေဒါတွေ၊ ပစ်မှတ်ရှာစနစ်တွေ ပါဝင်တာကြောင့် ရန်သူ့ ရေဒါစခန်းတွေနဲ့ ဒုံးကျည်ပစ်စင်တွေကို မြေပြင်အထိ ထိထိရောက်ရောက် ချေမှုန်းနိုင်စွမ်း ရှိပါတယ်။

B-52 တွေကတော့ ၁၉၅၀ ပြည့်လွန်နှစ်တွေကတည်းက စတင်အသုံးပြုခဲ့တဲ့ သက်တမ်းအရင့်ဆုံး ဗုံးကြဲလေယာဉ်တွေ ဖြစ်ပေမယ့် ခဲယမ်းမီးကျောက် အမြောက်အမြား သယ်ဆောင်နိုင်သလို အမြဲတမ်း အဆင့်မြှင့်တင်မှုတွေ လုပ်နေတာကြောင့် အခုချိန်ထိ အမေရိကန်လေတပ်အတွက် အသုံးအဝင်ဆုံးနဲ့ မရှိမဖြစ် လေယာဉ်တွေအဖြစ် တာဝန်ထမ်းဆောင်နေဆဲပါ။

ဥရောပတိုက် တစ်ခုလုံးမှာ B-1, B-2 နဲ့ B-52 လို အမေရိကန် ဗုံးကြဲလေယာဉ်ကြီးတွေ ဆင်းသက်အခြေစိုက်နိုင်လောက်တဲ့ ကြီးမားတဲ့ လေတပ်စခန်းဆိုလို့ အနည်းအကျဉ်းသာ ရှိတာဖြစ်ပြီး အခု လက်နက်ခဲယမ်းတွေ ရွှေ့ပြောင်းနေတဲ့ ဖဲဖို့ဒ် လေတပ်စခန်းကတော့ အဲဒီအထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။

(ကိုးကား – BBC / ဓာတ်ပုံ – EPA)