ဇွန် ၂၀၊ ၂၀၂၆

The Kaladan Post

 

ဝါရှင်တန်နဲ့ တီဟီရန်အကြား စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်တစ်ရပ် ရရှိလာခဲ့မယ်ဆိုရင် အီရန်နိုင်ငံအတွက် ဘီလီယံနဲ့ချီတဲ့ ရန်ပုံငွေတွေ ပြန်လည်ရရှိလာနိုင်ပေမယ့်၊ ဒီအကျိုးအမြတ်တွေကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) က အများဆုံး ရယူသွားမယ့် အခြေအနေမျိုး ဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်အဓိပတိ အယာတိုလာ အလီခါမေနီ ကွယ်လွန်သွားခဲ့ပြီးနောက်၊ သူ့ရဲ့သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီကို ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ရာမှာ IRGC က အဓိက နေရာကနေ ပါဝင်ခဲ့တာပါ။ နှစ်ပေါင်းများစွာကြာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကြားထဲမှာပဲ IRGC ဟာ ရေနံ၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ သင်္ဘောလိုင်းနဲ့ ဆိပ်ကမ်းလုပ်ငန်းတွေအထိ ပါဝင်တဲ့ ဧရာမ စီးပွားရေးအင်ပါယာကြီးတစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။

အီရန်ထိပ်တန်း သတင်းရင်းမြစ် ၄ ဦးရဲ့ အဆိုအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ရေနံတင်ပို့မှုတွေကနေ ရလာမယ့် ဘဏ္ဍာရေးအကျိုးအမြတ်တွေကို သိမ်းပိုက်နိုင်ဖို့ IRGC က အထူးနေရာယူထားပြီးသား ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သတင်းရင်းမြစ်တစ်ဦးက “စစ်ပွဲရဲ့ တကယ့်အနိုင်ရရှိသူတွေဟာ တော်လှန်ရေးအစောင့်တပ်တွေပဲ ဖြစ်ပါတယ်။ အီရန်ရဲ့ အစ္စလာမ္မစ်စနစ် ရှင်သန်ရပ်တည်ရေးကို ကာကွယ်ပေးခဲ့တဲ့ သူတို့ဟာ ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တဲ့အခါ အကျိုးအမြတ် အများဆုံး ခံစားရမယ့်သူတွေပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

အီရန်ရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားကုမ္ပဏီတွေဟာ ပြည်တွင်းကုမ္ပဏီတွေနဲ့ မဖြစ်မနေ ဖက်စပ်လုပ်ကိုင်ရမှာဖြစ်တဲ့အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ IRGC နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေကို ရှောင်လွှဲလို့မရဘဲ အလိုအလျောက် လက်တွဲလုပ်ဆောင်ရမယ့် သဘောမျိုး သက်ရောက်နေပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပိတ်ဆို့အရေးယူမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးဟောင်း ဂျယ်ရမီပယ်နာ က “IRGC ဟာ ရေနံကဏ္ဍရဲ့ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ စီးပွားရေးလုပ်တဲ့အခါ ကြုံလာရမယ့် ဥပဒေရေးရာ သက်ရောက်မှုတွေကို လျစ်လျူရှုထားလို့ မရပါဘူး။ အီရန်ရေနံတင်ပို့ခွင့်တွေ ပြန်ရလာရင်တောင် နောက်ကွယ်မှာ IRGC ရှိနေတဲ့အတွက် အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ဥပဒေအရ အရေးယူခံရနိုင်ခြေတွေ ရှိနေတုန်းပါပဲ” လို့ သတိပေး ပြောကြားထားပါတယ်။

အီရန်အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်များနှင့် အများပြည်သူဆိုင်ရာ မှတ်တမ်းများအရ “IRGC ရဲ့ အင်ဂျင်နီယာဌာနခွဲဖြစ်တဲ့ Khatam al-Anbia ဟာ အခြေခံအဆောက်အအုံ၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ ကားထုတ်လုပ်ရေး၊ ခရီးသွားလာရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ ကုမ္ပဏီပေါင်း ရာနဲ့ချီကို ကြီးကြပ်ကွပ်ကဲနေတယ်” လို့ ထုတ်ပြန်ထားပါတယ်။

ဒီလို စီးပွားရေးကွန်ရက်ကြီးစိုးမှုနဲ့ ပတ်သက်ပြီး မေးမြန်းမှုကိုတော့ “အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် ငြင်းဆိုထားပါတယ်။” အလားတူပဲ “အမေရိကန် အိမ်ဖြူတော်ကလည်း ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး” လို့ သိရပါတယ်။

လက်ရှိ ယာယီသဘောတူညီချက်အရ အီရန်ရေနံရောင်းချခွင့် အချို့ကို ကင်းလွတ်ခွင့်ပြုမှာဖြစ်ပြီး၊ ရှေ့ဆက်လုပ်မယ့် ပြည့်စုံတဲ့ သဘောတူညီချက်ရရှိပါက ဒေါ်လာ ၃၀၀ ဘီလီယံ တန်ဖိုးရှိတဲ့ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကို အီရန်တို့ ရရှိလာမှာဖြစ်ပါတယ်။ အကယ်၍ ကျယ်ပြန့်တဲ့ သဘောတူညီချက် မရဘဲ ပိတ်ဆို့မှုတွေ ဆက်ရှိနေရင်တောင် IRGC အနေနဲ့ သူတို့ရဲ့ ကျွမ်းကျင်တဲ့ ပိတ်ဆို့မှုရှောင်ကွင်းရေး နည်းလမ်းတွေနဲ့ ရေနံရောင်းချခွင့် ကင်းလွတ်ခွင့်ကနေတဆင့် အီရန်စီးပွားရေးကို ဆက်လက် လက်ဝါးကြီးအုပ် ထိန်းချုပ်ထားနိုင်ဦးမှာပဲ ဖြစ်ပါတယ်။