မတ် ၄

The Kaladan Post

 

အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုများ ဆက်လက်ပြင်းထန်နေခြင်းကြောင့် အီရန်အစိုးရသည် ၎င်းတို့၏ အဓိပတိကြီး အယာတိုလာ အလီ ခါမေနီ၏ ဈာပနအခမ်းအနားကို ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။ အီရန်၏ အစ္စလာမ်မစ်အစိုးရကို ၃၆ နှစ်ခွဲကြာအောင် အုပ်ချုပ်ခဲ့သည့် အဓိပတိကြီး ခါမေနီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တဟီရန်မြို့တော်ရှိ ၎င်း၏နေအိမ်နှင့် ရုံးခန်း၌ ရှိနေစဉ်အတွင်း အစ္စရေးနှင့် အမေရိကန်တို့၏ လက်ဦးမှုယူ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါ စစ်ဆင်ရေးအတွင်း ခါမေနီကို သုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေးနှင့် အမေရိကန်တို့က ကြေညာခဲ့သလို နောက်ပိုင်းတွင် အီရန်အစိုးရဘက်ကလည်း ၎င်းတို့၏ ခေါင်းဆောင်ကြီး ကွယ်လွန်သွားပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါသည်။

မူလအစီအစဉ်အရ ခါမေနီ၏ ဈာပနကို ၃ ရက်ကြာ ကျင်းပရန် ရည်ရွယ်ခဲ့ပြီး မတ်လ ၄ ရက်နေ့ ညပိုင်းတွင် စတင်ရန် ပြင်ဆင်ခဲ့သော်လည်း လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲအရှိန် မြင့်တက်နေမှုများကြောင့် အခမ်းအနားကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရကြောင်း အီရန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အီရန်ပြည်သူအများစုက ၎င်းတို့၏ ခေါင်းဆောင်ကြီးအတွက် နောက်ဆုံးခရီး နှုတ်ဆက်ခွင့်ရရန် ဈာပနအခမ်းအနားကို အမြန်ဆုံးကျင်းပပေးဖို့ တောင်းဆိုနေကြသော်လည်း လုံခြုံရေးအခြေအနေနှင့် စစ်ပွဲကြောင့် ပျက်စီးသွားသည့် အခြေခံအဆောက်အအုံများကြောင့် လောလောဆယ်တွင် မကျင်းပနိုင်သေးကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

တစ်ဖက်တွင်လည်း ခါမေနီ၏ အရိုက်အရာကို ဆက်ခံမည့် ခေါင်းဆောင်သစ် ရွေးချယ်ရေးမှာ အပြီးသတ်ရန် နီးစပ်နေပြီဖြစ်ကြောင်း အီရန်ပညာရှင်များ ညီလာခံအဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပေးထားသည်။ အဆိုပါ ညီလာခံအဖွဲ့သည် အီရန်နိုင်ငံ၏ အဓိပတိသစ်ကို မဲပေးရွေးချယ်တင်မြှောက်ရသည့် တာဝန်ရှိသောအဖွဲ့ ဖြစ်သည်။ လောလောဆယ်တွင် ခါမေနီ၏ ဒုတိယသားဖြစ်သူ မော့ဂျ်တာဘာ ခါမေနီက ခေါင်းဆောင်သစ် ဖြစ်လာနိုင်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း အီရန်အစိုးရဘက်ကမူ တစ်စုံတစ်ရာ အတည်ပြုခြင်း မရှိသေးပေ။

အယာတိုလာ အလီ ခါမေနီသည် ၁၉၈၉ ခုနှစ်တွင် အီရန်အစ္စလာမ်မစ် ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်သူ အယာတိုလာ ရူဟိုလား ခိုမေနီ ကွယ်လွန်ပြီးနောက် အဓိပတိရာထူးကို ဆက်ခံခဲ့သူဖြစ်သည်။ ၎င်းသည် သဘောထားတင်းမာသည့် ကွန်ဆာဗေးတစ်ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားပြီး ၎င်း၏လက်ထက်တွင် ဒီမိုကရေစီရေး လှုပ်ရှားသူများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့မှုများကြောင့်လည်း ဝေဖန်မှုများစွာ ရှိခဲ့သူတစ်ဦး ဖြစ်သည်။

 

ကိုးကား: BBC

ဓာတ်ပုံ – Reuters

 

#MiddleEastPolitics

#Iran #AliKhamenei #IsraelIranWar #MiddleEastConflict #Tehran #BreakingNews #IranSuccession #MojtabaKhamenei #InternationalNews #MiddleEastPolitics