ဇွန် ၁၈၊ ၂၀၂၆

The Kaladan Post

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ အီရန်သမ္မတတို့ဟာ နှစ်နိုင်ငံကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ယာယီအပစ်ရပ်စဲရေး သဘောတူညီချက်ကို ဇွန်လ ၁၇ ရက် (ဗုဒ္ဓဟူးနေ့) မှာ လက်မှတ်ရေးထိုးလိုက်ပြီလို့ သိရပါတယ်။ ဒါဟာ ၁၉၇၉ ခုနှစ် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ ထူထောင်ပြီးနောက်ပိုင်း အမေရိကန်နဲ့ အီရန်သမ္မတ နှစ်ဦးကြား ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးခဲ့တဲ့ သမိုင်းဝင် စာချုပ်လည်း ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ G7 ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ သမ္မတ ထရန့်က အခုသဘောတူညီချက်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ ဒါပေမဲ့ အီရန်ဘက်ကသာ ကတိကဝတ်တွေကို မလေးစားဘူးဆိုရင် တိုက်ခိုက်မှုတွေ ပြန်စမှာဖြစ်သလို အီရန်အရာရှိတွေကိုပါ သတ်ဖြတ်သွားမယ်လို့ ထရန့်က ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

“တကယ်လို့ သူတို့ဘက်က စာချုပ်ကို ချိုးဖောက်မယ်ဆိုရင်တော့ ဗုံးတွေ အလိပ်လိုက် အခဲလိုက် ပြန်ကြဲမှာပါ။ ကျွန်တော်ကတော့ အဲဒီလို မဖြစ်စေချင်ပါဘူး၊ သူတို့ကို စာချုပ်အတိုင်း လေးလေးစားစား လိုက်နာစေချင်ပါတယ်” လို့ ထရန့်က ဆိုပါတယ်။ ဒါ့အပြင် အီရန်တွေဟာ “တော်တဲ့သူတွေ” ဖြစ်ကြောင်းနဲ့ အခုစာချုပ်ကြောင့် အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးရလာပြီး ရေနံဈေးနှုန်းတွေလည်း ကျဆင်းသွားဖို့ မျှော်လင့်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ထူးခြားချက်အနေနဲ့ သမ္မတ ထရန့်ဟာ အရင်က အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့ ပြောခဲ့တာကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အီရန်မှာ ဒုံးကျည်တွေ မရှိတာဟာ “မတရားရာ ကျပါတယ်” လို့တောင် မှတ်ချက်ပေးခဲ့တယ်လို့ သိရပါတယ်။

အီရန်ခေါင်းဆောင်တွေကတော့ ထရန့်ရဲ့ ခြိမ်းခြောက်မှုတွေကို တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိဘဲ အခုစာချုပ်ဟာ အကျိုးသက်ရောက်မှု ရှိနေပြီဖြစ်ကြောင်းနဲ့ သမိုင်းဝင်အောင်မြင်မှုအဖြစ် အောင်ပွဲခံနေကြတယ်လို့ ဆိုပါတယ်။ G7 ခေါင်းဆောင်တွေကလည်း အမေရိကန်-အီရန် ငြိမ်းချမ်းရေးခြေလှမ်းကို ကြိုဆိုခဲ့ကြပေမဲ့ လက်ဘနွန်မှာလည်း အပစ်ရပ်ဖို့ တိုက်တွန်းနေကြပါတယ်။

အခုငြိမ်းချမ်းရေးသတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ ဆက်လက်ကျဆင်းသွားခဲ့ပေမဲ့ တစ်ဖက်မှာတော့ အစ္စရေးဟာ လက်ဘနွန်နိုင်ငံအတွင်းကို တိုက်ခိုက်မှုအသစ်တွေ ထပ်မံလုပ်ဆောင်နေတာကြောင့် ဒေသတွင်း စစ်မီးငြိမ်းဖို့ကတော့ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

Source: Reuters (Steve Holland, Parisa Hafezi and Yomna Ehab)