ဇွန် ၂၄၊ ၂၀၂၆

The Kaladan Post

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) တို့ကြား ရက်အတော်ကြာ လူသိရှင်ကြား အခြေအတင်စကားများမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဇွန်လ ၂၃ ရက်) မှာတော့ အီတလီ-အမေရိကန် ဆက်ဆံရေးဟာ အနည်းငယ် ပြန်လည်ပြေလည်လာမယ့် အရိပ်အယောင်တွေ တွေ့လာရပါတယ်။ အီတလီဝန်ကြီးချုပ် မယ်လိုနီ က ရောမမြို့မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ “ကျွန်မအနေနဲ့ ဒီအငြင်းပွားမှုကို ဆက်လက်မီးမွှေးနေဖို့ ရည်ရွယ်ချက်မရှိပါဘူး။” လို့ ပြောကြားခဲ့ပြီး ဒီကိစ္စကို အဆုံးသတ်ချင်နေပြီဖြစ်ကြောင်း အချက်ပြလိုက်တာပါ။

ဒီပဋိပက္ခဟာ ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဂျီ-၇ (G7) ထိပ်သီးအစည်းအဝေးအတွင်း ဖြစ်ပွားခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး သမ္မတထရမ့်က အီတလီ La7 ရုပ်သံလိုင်းနဲ့ အင်တာဗျူးမှာ စတင်ပြောဆိုခဲ့ရာကနေ မြစ်ဖျားခံလာတာပါ။ အဲဒီအစည်းအဝေးမှာ မယ်လိုနီ က သူနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ အကြိမ်ကြိမ် “တောင်းပန် (Begged)” ခဲ့ပြီး၊ သူမကို “သနားလို့သာ” ဓာတ်ပုံရိုက်ခွင့်ပြုခဲ့တယ်လို့ ထရမ့်က ပြောကြားခဲ့တာပါ။ ဒီပြောဆိုချက်ဟာ လုံးဝ “လုပ်ကြံဖန်တီးထားခြင်း” သာဖြစ်တယ်လို့ မယ်လိုနီ က ချက်ချင်းပဲ တုံ့ပြန်ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတထရမ့်က နောက်ဆုတ်မသွားဘဲ သူ့ရဲ့ Truth Social လူမှုကွန်ရက်ကနေတစ်ဆင့် “အခု အမေရိကန်က အီရန်ကို စစ်ရေးအရ အနိုင်ယူလိုက်ပြီးတဲ့နောက်မှာ သူ (မယ်လိုနီ) က နိုင်ငံရေးအမှတ်ရဖို့အတွက် ကျွန်တော်တို့နဲ့ ပြန်ပြီးမိတ်ဆွေဖွဲ့ချင်နေတယ်။ ကျေးဇူးပဲ၊ မလိုပါဘူး။” လို့ ထပ်မံရေးသားခဲ့ပါတယ်။ ဒါ့အပြင် အီရန်နဲ့စစ်ဖြစ်နေချိန်မှာ အီတလီရဲ့ လေယာဉ်ပြေးလမ်းတွေကို အမေရိကန်စစ်တပ်ကို အသုံးပြုခွင့်မပေးခဲ့တဲ့ မယ်လိုနီ ရဲ့ လုပ်ရပ်ကိုလည်း ထရမ့်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ဒီလို “အကြောင်းမဲ့သက်သက်၊ အဓိပ္ပာယ်မရှိတဲ့” တိုက်ခိုက်မှုတွေအပေါ် မယ်လိုနီ ဘက်ကလည်း ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပါတယ်။ သူမက “ရှင့်ရဲ့ မိတ်ဆွေဖြစ်ရခြင်းက ကျွန်မရဲ့ နိုင်ငံရေးအမှတ်ကို ဘာမှအထောက်အကူမပြုသလို၊ ကျွန်မရဲ့ လူကြိုက်များမှုကလည်း ရှင့်အပေါ်မှာ မှီခိုမနေပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ လူကြိုက်များမှုကို ရှင်စိုးရိမ်ပေးနေစရာ မလိုပါဘူး။ ရှင့်ကိုယ်ရှင်ပဲ အာရုံစိုက်ဖို့ အကြံပြုချင်ပါတယ်။” လို့ ပြန်လည်ပက်ထုတ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ဥရောပတိုက်မှာ သမ္မတထရမ့်ရဲ့ အရင်းနှီးဆုံး နိုင်ငံရေးမဟာမိတ်တစ်ဦးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရတဲ့ မယ်လိုနီ နဲ့ ထရမ့်တို့ကြားက အဆိုးရွားဆုံး သံတမန်ရေးရာ အက်ကြောင်းတစ်ခုအဖြစ် ဒီနှစ်ရဲ့ မထင်မှတ်ထားဆုံး ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

သတင်း Source: WION News