မတ် ၅
The Kaladan Post
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အီရန်နှင့် အစ္စရေးအကြား စစ်ရေးပဋိပက္ခသည် ယခုအခါ (၆) ရက်မြောက်နေ့သို့ ရောက်ရှိလာပြီး ဒေသတွင်းနိုင်ငံများအထိ စစ်ရေးတင်းမာမှုများ တဖြည်းဖြည်း ပြန့်နှံ့လာနေကြောင်း နိုင်ငံတကာ သတင်းရင်းမြစ်များက ဖော်ပြထားသည်။
မတ်လ ၅ ရက်နေ့တွင် ထွက်ပေါ်လာသည့် သတင်းများအရ အစ္စရေး စစ်တပ်သည် အီရန်နိုင်ငံ မြို့တော် တီဟီရန် (Tehran) အနီးပတ်ဝန်းကျင်ရှိ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားကာ အကြီးစား လေကြောင်းတိုက်ခိုက်မှု လှိုင်းသစ်တစ်ရပ် စတင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုတိုက်ခိုက်မှုများအတွင်း တီဟီရန်မြို့ပေါ်တွင် ပေါက်ကွဲသံများ ဆက်တိုက်ကြားခဲ့ရကြောင်း ဒေသခံသတင်းများတွင် ဖော်ပြထားသည်။
တချိန်တည်းတွင် အီရန်ဘက်ကလည်း အစ္စရေးနိုင်ငံကို ဒုံးကျည်လှိုင်းများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ဂျေရုဆလင် (Jerusalem) မြို့ပေါ်တွင် ပေါက်ကွဲသံများ ဆူညံခဲ့ကြောင်း သိရသည်။
ထို့အပြင် အစ္စရေး စစ်တပ်သည် လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ် (Beirut) တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့၏ အမာခံနယ်မြေများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ် (Hamas) အဖွဲ့၏ အဆင့်မြင့်ခေါင်းဆောင်တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ ၎င်းသည် ယခုစစ်ပွဲစတင်ပြီးနောက် ဟားမတ်စ်ခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ် တိတိကျကျ ပစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့သည့် ဖြစ်ရပ်ဖြစ်ကြောင်းလည်း သိရသည်။
စစ်ရေးတင်းမာမှုများသည် ပင်လယ်ကွေ့ဒေသနိုင်ငံများအထိ ရိုက်ခတ်လာနေသည်။ ကာတာနိုင်ငံ မြို့တော် ဒိုဟာ (Doha) ကောင်းကင်ယံတွင် ပေါက်ကွဲသံများ ကြားခဲ့ရပြီး ကာတာစစ်တပ်သည် ဝင်ရောက်လာသည့် ဒုံးကျည်များကို ကြားဖြတ်ပစ်ချနေရကြောင်း သိရသည်။ ထို့အပြင် ဒိုဟာမြို့ရှိ အမေရိကန်သံရုံးအနီးတွင် နေထိုင်သူများကိုလည်း အရေးပေါ် ရွှေ့ပြောင်းပေးမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
ပင်လယ်ပြင်တွင်လည်း တင်းမာမှုများ ဆက်လက် ဖြစ်ပွားနေပြီး အီရန်၏ တော်လှန်ရေးအစောင့်တပ် (IRGC) က ပါရှန်းပင်လယ်ကွေ့ မြောက်ပိုင်းတွင် အမေရိကန်ပိုင် ရေနံတင်သင်္ဘောတစ်စီးကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက ကြေညာထားသော်လည်း သီးခြားအတည်ပြုချက်များ မရသေးပေ။
အလားတူ ကူဝိတ် ကမ်းလွန် ရေပြင်တွင်လည်း ရေနံတင်သင်္ဘောတစ်စီးအနီး ကြီးမားသည့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပင်လယ်ပြင်အတွင်း ရေနံယိုစိမ့်မှုများ ဖြစ်ပေါ်နေကြောင်း ဗြိတိန် ရေကြောင်းလုံခြုံရေး အေဂျင်စီက ထုတ်ပြန်ထားသည်။
ဒေသတွင်း နိုင်ငံများသို့လည်း ပဋိပက္ခ၏ ဂယက်များ ရောက်ရှိနေပြီး အီရန်သည် အီရတ်နိုင်ငံ မြောက်ပိုင်း ရှိ ကာ့ဒ် လက်နက်ကိုင်အဖွဲ့များ၏ ဌာနချုပ်ကို ဒုံးကျည်သုံးစင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်ပြေး ကာ့ဒ်အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အစ္စရေး၏ မဟာမိတ်နိုင်ငံတစ်ခုဖြစ်သော အဇာဘိုင်ဂျန် နိုင်ငံအတွင်း လေဆိပ်တစ်ခုနှင့် စာသင်ကျောင်းအနီးသို့ အီရန်ဒရုန်းများ ကျရောက်ပေါက်ကွဲခဲ့ရာ လူနှစ်ဦး ဒဏ်ရာရခဲ့ပြီး အဇာဘိုင်ဂျန်အစိုးရက အီရန်သံတမန်ကို ခေါ်ယူကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း သိရသည်။
အီရန်အတွင်းပြည်တွင်းတွင်လည်း စစ်ပွဲကာလအတွင်း အင်တာနက်အသုံးပြုမှုကို ကန့်သတ်ထားပြီး ပုံမှန်အသုံးပြုမှု၏ ၁ ရာခိုင်နှုန်းခန့်သာ လည်ပတ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း နည်းပညာစောင့်ကြည့်ရေးအဖွဲ့များက ဖော်ပြထားသည်။
တစ်ဖက်တွင် နိုင်ငံတကာ စစ်ရေးပြင်ဆင်မှုများလည်း အရှိန်မြင့်လာနေသည်။ ဆိုက်ပရပ်စ် (Cyprus) ကျွန်းရှိ ဗြိတိန် စစ်စခန်းတစ်ခု ဒရုန်းတိုက်ခိုက်မှုခံရပြီးနောက် ဥရောပသမဂ္ဂ (EU) နိုင်ငံများက လုံခြုံရေးအားကောင်းစေရန် စစ်သင်္ဘောများ စေလွှတ်ခဲ့ကြသည်။
စပိန်နိုင်ငံက ၎င်းတို့၏ အဆင့်မြင့် “Cristobal Colon” ဖရီးဂိတ် စစ်သင်္ဘော ကို စေလွှတ်ခဲ့ပြီး အဆိုပါသင်္ဘောသည် ပြင်သစ်၏ “Charles de Gaulle” လေယာဉ်တင်သင်္ဘော၊ ဂရိနှင့် အီတလီ ရေတပ်အင်အားစုများနှင့် ပူးပေါင်းကာ ဒေသလုံခြုံရေးထိန်းသိမ်းရေးနှင့် အရပ်သားကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဩစတြေးလျနိုင်ငံကလည်း အရေးပေါ်အခြေအနေများအတွက် အရှေ့အလယ်ပိုင်းဒေသသို့ စစ်လေယာဉ်များအပါအဝင် စစ်ရေးအရန်အင်အားများ စေလွှတ်ထားကြောင်း ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနိစ် (Anthony Albanese) က ကြေညာထားသည်။
အရှေ့အလယ်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းကြောင့် ဒေသတွင်းသာမက ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် စွမ်းအင်စျေးကွက်များအပေါ်ပါ ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်သူများက ခန့်မှန်းထားကြသည်။
Source — AFP News
Photo — MINISTERIO DE DEFENSA / AFP