ဇွန် ၂၃၊ ၂၀၂၆

The Kaladan Post

 

ယခု ဇွန်လအတွင်း ဂျပန်နိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်းကဏ္ဍဟာ သိသိသာသာ တိုးတက်လာခဲ့ပြီး အော်ဒါအသစ်ရရှိမှုတွေဟာ လွန်ခဲ့တဲ့ ၄ နှစ်တာကာလအတွင်း အမြင့်ဆုံးအခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ အီရန်စစ်ပွဲကြောင့် ကုန်ပစ္စည်းထောက်ပံ့မှုတွေ ပြတ်တောက်သွားမယ့်အရေးနဲ့ နောက်ပိုင်းမှာ ကုန်ဈေးနှုန်းတွေ ထပ်တက်လာနိုင်တဲ့အပေါ် စိုးရိမ်ပြီး ဝယ်ယူသူတွေက ကုန်ပစ္စည်းတွေကို အလုအယက် ကြိုတင်သိုလှောင်လာကြတဲ့အတွက် အခုလို အော်ဒါတွေ အများအပြား ရရှိလာတာဖြစ်တယ်လို့ အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ စစ်တမ်းတွေအရ သိရပါတယ်။

[S&P Global Market Intelligence] ရဲ့ ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်း ဝယ်ယူမှုမန်နေဂျာများ အညွှန်းကိန်း (PMI) ဟာ ပြီးခဲ့တဲ့ မေလက ၅၄.၅ ရှိခဲ့ရာကနေ ယခု ဇွန်လမှာ ၅၄.၉ အထိ အနည်းငယ် မြင့်တက်လာခဲ့ပါတယ်။ အဆိုပါ အညွှန်းကိန်း ၅၀ အထက် ရှိနေခြင်းဟာ စီးပွားရေးလုပ်ငန်းများ တိုးတက်လည်ပတ်နေမှုကို ပြသနေတာပဲ ဖြစ်ပါတယ်။ သို့သော်လည်း အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် စွမ်းအင်၊ လောင်စာဆီနဲ့ ကုန်ကြမ်းစရိတ်တွေ ကြီးမြင့်လာတဲ့အတွက် ကုန်ထုတ်လုပ်သူတွေအနေနဲ့ ကုန်ကျစရိတ် မြင့်မားမှုဒဏ်ကိုတော့ ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ကုန်ထုတ်လုပ်ငန်းတွေမှာ စက်ရုံထုတ်လုပ်မှုတွေနဲ့ အော်ဒါအသစ်တွေ သိသိသာသာ တိုးလာတာနဲ့အမျှ လုပ်သားအင်အား လိုအပ်ချက်တွေ မြင့်တက်လာပြီး အလုပ်အကိုင်ခန့်အပ်မှုတွေဟာလည်း ၈ နှစ်ကျော်ကာလအတွင်း အမြန်ဆုံးနှုန်းနဲ့ တိုးတက်လာခဲ့ပါတယ်။ ဒါ့အပြင် ဝန်ဆောင်မှုကဏ္ဍဟာလည်း ပြည်တွင်းအခြေအနေတွေ ပိုမိုကောင်းမွန်လာမှုကြောင့် မေလက အညွှန်းကိန်း ၅၀.၀ ရှိခဲ့ရာကနေ ဇွန်လမှာ ၅၁.၈ အထိ ပြန်လည်ဦးမော့လာခဲ့ပါတယ်။ ကုန်ထုတ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုကဏ္ဍ နှစ်ခုပေါင်း အညွှန်းကိန်း (Composite PMI) ဟာလည်း မေလက ၅၁.၁ သာရှိရာမှ ယခု ဇွန်လမှာ ၅၂.၅ သို့ မြင့်တက်လာခဲ့ပါတယ်။ သို့သော်လည်း ပြည်ပပို့ကုန် အော်ဒါအသစ် ရရှိမှုကတော့ ပြီးခဲ့တဲ့ မေလနဲ့ နှိုင်းယှဉ်ပါက အနည်းငယ် နှေးကွေးသွားခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး [S&P Global Market Intelligence] ရဲ့ စီးပွားရေးဆိုင်ရာ တွဲဖက်ညွှန်ကြားရေးမှူး အန်နာဘယ်လ် ဖစ်ဒ်စ် (Annabel Fiddes) က “အရှေ့အလယ်ပိုင်းမှာ စစ်ပွဲတွေ စတင်ဖြစ်ပွားပြီးကတည်းက ဂျပန်နိုင်ငံတစ်ဝန်း စီးပွားရေးလုပ်ငန်းတွေရဲ့ လည်ပတ်မှုဟာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဦးမော့လာခဲ့ပါတယ်။ ဒါဟာ ဒုတိယသုံးလပတ်မှာ စွမ်းဆောင်ရည်ကောင်းမွန်လာတာကို ပြသနေပေမယ့် လက်ရှိတိုးတက်မှုဟာ အရှေ့အလယ်ပိုင်း စစ်ပွဲတွေကြောင့် ကုန်ပစ္စည်းတွေကို အလုအယက် ကြိုတင်သိုလှောင်လာကြတဲ့ အပေါ်မှာ တစ်စိတ်တစ်ပိုင်း အခြေခံနေတာဖြစ်လို့ လာမယ့်လတွေမှာတော့ ဒီလိုလုပ်ဆောင်မှုတွေ ပြန်လည်လျော့ကျသွားနိုင်ပါတယ်။” လို့ သုံးသပ်ပြောကြားထားပါတယ်။

သတင်း Source: Reuters