ဇူလိုင် ၂၀၊ ၂၀၂၆

The Kaladan Post

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်ရှိ MetLife အားကစားကွင်းမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ စပိန်အသင်းဟာ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းကို အချိန်ပို ၁၀၆ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး ဖာရန်တောရက်စ် (Ferran Torres) ရဲ့ သွင်းဂိုးနဲ့ ၁ ဂိုး – ဂိုးမရှိ အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ စပိန်အသင်းဟာ အခုအောင်ပွဲကြောင့် ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်ဆုံးဆီ တစ်ကျော့ပြန် ရောက်ရှိလာခဲ့သလို အသက် ၆၅ နှစ်အရွယ် နည်းပြ ဒီလာဖွန်တေး (De la Fuente) ကလည်း ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်တဲ့ အသက်အကြီးဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဗိုလ်လုပွဲဟာ နှစ်ဖက်စလုံးက အမှားမခံဘဲ ကစားခဲ့ကြတာကြောင့် ပွဲချိန်မိနစ် ၉၀ အတွင်းမှာတော့ ဘယ်သူကမှ ဂိုးမသွင်းနိုင်ဘဲ သရေကျနေခဲ့တာပါ။ စပိန်အသင်းဟာ တစ်ပွဲလုံးမှာ ဂိုးကန်သွင်းခွင့် ၂၀ ကြိမ်အထိ ရရှိခဲ့ပေမဲ့ တိုက်စစ်ပိုင်း အားနည်းချက်ကြောင့် ဂိုးရဖို့ အချိန်အတော်ကြာ စောင့်ခဲ့ရပါတယ်။ တစ်ဖက်မှာလည်း မက်ဆီ (Lionel Messi) ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ပုံမှန်ခြေစွမ်း မပြနိုင်ခဲ့ဘဲ ပွဲချိန်မိနစ် ၉၀ အတွင်း ဂိုးပေါက်တည့်မှု တစ်ကြိမ်တောင် မရှိခဲ့တာဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲ သမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အနိုင်ဂိုးရှင် ဖာရန်တောရက်စ် က “ဒီဂိုးဟာ ကျွန်တော့်ဂိုး မဟုတ်ပါဘူး၊ စပိန်ပြည်သူ ၄၇ သန်းရဲ့ ဂိုးပါ။ ဒါဟာ ဖြစ်ကိုဖြစ်လာရမယ့် အောင်ပွဲတစ်ခုပါ” လို့ ပွဲအပြီးမှာ ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အာဂျင်တီးနား ကစားသမားတွေဟာ စိတ်ပျက်အားမလိုအားမရဖြစ်ပြီး စပိန်ကစားသမားတွေနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိခဲ့သလို အာဂျင်တီးနား ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ် (Enzo Fernandez) ကတော့ ပွဲချိန်အတွင်း ပြင်းပြင်းထန်ထန် ဖျက်ထုတ်ခဲ့တာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ စပိန်နည်းပြ ဒီလာဖွန်တေးက “ကျွန်တော် ဒီမျိုးဆက်သစ် ကစားသမားတွေအတွက် တကယ်ကို ဂုဏ်ယူပါတယ်။ သူတို့ဟာ ကမ္ဘာ့အဆင့်မီ အရည်အချင်းရှိသူတွေဖြစ်သလို အခုဆိုရင် အရာအားလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါပြီ” လို့ ဆိုပါတယ်။ အာဂျင်တီးနားနည်းပြ စကာလိုနီ (Lionel Scaloni) ကတော့ မျက်ရည်တွေနဲ့အတူ “ရှုံးနိမ့်မှုကို လက်ခံဖို့ ခက်ခဲပေမဲ့ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် အမြဲရှိနေမှာပါ၊ ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီဗိုလ်လုပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုတို့လည်း တက်ရောက်ကြည့်ရှုခဲ့ကြပြီး သမ္မတထရန့်က စပိန်အသင်းကို ကမ္ဘာ့ဖလားဆုဖလားကြီးကို ကိုယ်တိုင်ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။ ဂျပ်စတင်ဘီဘာ၊ မက်ဒေါနားနဲ့ ရှာကီရာတို့ရဲ့ ဖျော်ဖြေမှုတွေကြားမှာ စပိန်အသင်းဟာ ဥရောပချန်ပီယံဆုအပြီး အခုအခါမှာတော့ ကမ္ဘာ့ချန်ပီယံဆုကိုပါ ထပ်မံရယူနိုင်ခဲ့တာကြောင့် ၎င်းတို့ရဲ့ ရွှေရောင်ခေတ်သစ်ကို စတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ စပိန်အသင်းဟာ လက်ရှိမှာ နိုင်ငံတကာပြိုင်ပွဲပေါင်း ၃၈ ပွဲဆက်တိုက် ရှုံးပွဲမရှိ မှတ်တမ်းကိုလည်း ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

သတင်းရင်းမြစ် – Reuters