ရှမ်းတဲလေတပ်စခန်းမှ K-8 လေယာဉ်ပျက်ကျ၊ အမောင်းသင်လေသူရဲတစ်ဦး သေဆုံး
ဩဂုတ် ၂၃
The Kaladan Post
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ရှမ်းတဲလေတပ်စခန်းမှ K-8 အမောင်းသင်တိုက်လေယာဉ် လွန်ခဲ့သည့် ဩဂုတ် ၂၁ ရက် ညနေပိုင်းက တစ်စီး ပျက်ကျခဲ့ပြီး အမောင်းသင်လေသူရဲ (၁) ဦး သေဆုံးကာ နည်းပြ ဗိုလ်မှူးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ စစ်ကောင်စီ သတင်းရင်းမြစ်က ပြောပါတယ်။ အဆိုပါ လေယာဥ်ဟာ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်မှာ လေ့ကျင့်ပျံသန်းပြီး ပြန်လည်ဆင်းသက်ချိန်အတွင်း ပျက်ကျခဲ့တာဖြစ်ပြီး ကျောင်းရွာအနီး လေတပ်စခန်းခြံစည်းရိုးနားမှာ ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။ လေယာဥ်ပျက်ကျမှုအတွင်း ဒဏ်ရာပြင်းထန်ရခဲ့တဲ့ နည်းပြဗိုလ်မှူးကို စစ်ဆေးသို့ ပို့ဆောင်ကုသနေပြီး လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို လက်ရှိအချိန်အထိ စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ယခုဖြစ်စဉ်မတိုင်မီ ဩဂုတ် ၃ ရက်ကလည်း ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အနီးမှာ စစ်တပ်ရဲ့ တိုက်ခိုက် ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် ငှက်တစ်ကောင်နှင့် တိုက်မီရာကနေ ပျက်ကျခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
ထို့ပြင် အဆိုပါ ရှမ်းတဲလေတပ်စခန်းကို ဧပြီ ၂ ရက် မနက်အစောပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၇ လုံးဖြင့် Brave Warriors for Myanmar (BWM) အဖွဲ့က ဦးဆောင်ပြီး မဟာမိတ်တပ်ဖွဲ့တွေက အောင်မြင်စွာ ပစ်ခတ်ခဲ့သည့် စစ်ခန်းလည်းဖြစ်ပါတယ်။
ရှမ်းတဲလေတပ်စခန်းဟာ စစ်ကောင်စီရဲ့ လေကြောင်းစစ်ဆင်ရေးတွေအတွက် အရေးပါတဲ့ စခန်းတစ်ခုဖြစ်လည်းဖြစ်ပါတယ်။
#မိတ္ထီလာ #ရှမ်းတဲလေတပ်စခန်း #K8လေယာဉ် #လေယာဉ်ပျက်ကျမှု #မြန်မာ့အရေး

ဖရူဆိုရှေ့တန်းတွင် IEC ကယ်ဆယ်ရေးဝန်ထမ်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်
ဩဂုတ် ၂၃
The Kaladan Post
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာမှာ IEC အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ဝန်ထမ်း ခူးဖဲသူး အသက် ၂၆ နှစ်ဟာ စစ်ကောင်စီ စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံရကာ သတ်ဖြတ်ခံရတယ်လို့ IEC တာဝန်ရှိသူက ပြောဆိုထားပါတယ်။ အဆိုပါဖြစ်စဥ်ဟာ လွန်ခဲ့သည့် ဩဂုတ် ၂၀ ရက်မှာ ဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့ ဩဂုတ် ၂၁ ရက်မှာ ရုပ်အလောင်းကို ပြန်လည် ရရှိခဲ့တာလို့ ဆိုပါတယ်။
IEC အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ဝန်ထမ်း ခူးဖဲသူးဟာ ရဲတပ်ဖွဲ့ကနေ CDM ပြုလုပ်ခဲ့သူဖြစ်ပြီး ၂၀၂၅ ခုနှစ်ကစပြီး IEC အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရပါတယ်။ မိသားစုဝင်တွေနဲ့ IEC တာဝန်ရှိသူတွေက ဩဂုတ် ၂၂ ရက်မှာ ဈာပနပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိ ဖရူဆိုဒေသမှာ စစ်ရေးတင်းမာမှု ဆက်လက်ရှိနေပြီး လွိုင်ကော်–ဒီးမော့ဆို–ဖရူဆို လမ်းကြောင်းအပါအဝင် ဒေသတွင်း စစ်ရေးအခြေအနေကို စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။
#ကရင်နီပြည် #ဖရူဆို #IEC #အရေးပေါ်ကယ်ဆယ်ရေး #မြန်မာ့အရေး

ရေကြည်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှု မိမိစစ်ကြောင်းပေါ် မှားကျပြီး စစ်သား ၅၀ ခန့်သေဆုံး
ဩဂုတ် ၂၃
The Kaladan Post
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်း စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများယွင်းသဖြင့် မိမိတို့စစ်ကြောင်းပေါ် ကျရောက်ခဲ့ပြီး စစ်သား ၅၀ ခန့် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်များက ဖော်ပြထားကြပါတယ်။
ဩဂုတ်လ ဒုတိယပတ်အတွင်းဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်ဟာ ကမ္ဘားကြီးကျေးရွာအနီး သုံးတန်ကူးနဲ့ ချက်ပွိုင့်ကြားမှာ ဖြစ်ပွားခဲ့တာလို့ ပြောဆိုထားပါတယ်။
ဒေသခံသတင်းရင်းမြစ်ရဲ့ ပြောကြားချက်အရ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကြောင်းအတွင်း ထိခိုက်သေဆုံးသူများခဲ့ပြီး AA က ဖမ်းဆီးရမိခဲ့သူတစ်ဦးလည်း နောက်ပိုင်း ဆေးရုံပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ရေကြည်မြို့နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ် တွေနဲ့ ထောက်လှမ်းတာတွေလုပ်ဆောင်နေသည့်အပြင် လေကြောင်းတိုက်ခိုက်တာတွေ ဆက်လက် လုပ်ဆောင်နေပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။
ဒါ့အပြင် စစ်တပ်က သံတွဲနဲ့ ဂွမြို့နယ်ဘက်ကို စစ်ကြောင်းတွေ ရွှေ့ပြောင်းနိုင်ရေး လေကြောင်းပစ်ကူ အသုံးပြုမှုတွေ တိုးမြှင့်နေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပေမယ့် ဖြစ်စဉ်အသေးစိတ်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
#ရေကြည်မြို့နယ် #ဧရာဝတီတိုင်း #လေကြောင်းတိုက်ခိုက်မှု #အာရက္ခတပ်တော်

ပြည်ကြီးမဏ္ဍိုင်မြို့အနီး နေအိမ် ၃ လုံး မီးရှို့ခံရဟု PDF-KDB 1 ပြောဆို
ဩဂုတ် ၂၃
The Kaladan Post
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ရတနာပုံလမ်းပိုင်း ၅ မိုင်အနီးမှာ စစ်ကောင်စီ တပ်က ပြည်သူတွေရဲ့ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကော့သောင်းခရိုင် PDF-KDB 1 က အသိပေး ထုတ်ပြန်လာပါတယ်။ အဆိုပါဖြစ်စဉ်ဟာ ဩဂုတ် ၁၆ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိခဲ့ဘူးလို့ PDF-KDB 1 တပ်ရင်းမှူးက ပြောပါတယ်။
အဆိုပါနေရာက ဒေသခံတွေဟာ ဖေဖော်ဝါရီလကတည်းက စစ်ကောာင်စီတပ်က စစ်ကြောင်းထိုးနေသဖြင့် စစ်ဘေးရှောင်နေကြတာကြောင့် လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ PDF-KDB 1 ဘက်ကတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား သွေးကွဲစေရန် ရည်ရွယ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သုံးသပ်ပြောဆိုထားပါတယ်။
#ဘုတ်ပြင်းမြို့နယ် #ပြည်ကြီးမဏ္ဍိုင် #တနင်္သာရီတိုင်း #နေအိမ်မီးရှို့

ဇူလိုင်လအတွင်း စစ်ကောင်စီတပ်စခန်း ၁၀ ခု သိမ်းပိုက်နိုင်ခဲ့ဟု NUG ထုတ်ပြန်
ဩဂုတ် ၂၃
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လအတွင်း မန္တလေး၊ မကွေး၊ ပဲခူးနဲ့ နေပြည်တော်ဒေသတွေမှာ စစ်ကောင်စီတပ်စခန်း ၁၆ ခုကို တိုက်ခိုက်ခဲ့ပြီး ၁၀ ခုကို သိမ်းပိုက် နိုင်ခဲ့တယ်လို့ အသိပေးလာပါတယ်။ အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၃၁၅ ဦး သေဆုံးပြီး ၄၇၃ ဦး ဒဏ်ရာရခဲ့ကာ အရာရှိ ၂၉ ဦးလည်း ပါဝင်တယ်လို့ NUG ဘက်က ပြောဆိုထား ပါတယ်။
ထို့အပြင် တိုက်ပွဲ့အတွင်း စစ်သုံ့ပန်း ၉ ဦး၊ လက်နက်ငယ်နဲ့ အမြောက်အပါအဝင် လက်နက်ခဲယမ်းတွေ၊ စစ်သုံးပစ္စည်းတင်ဆောင်ထားတဲ့ ကား ၃ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။တိုက်ပွဲတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တပ်ဖွဲ့တွေနဲ့ ပကဖအဖွဲ့တွေ၊ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ထုတ်ပြန်ချက်ထဲမှာ တိုက်ပွဲအချို့ကိုသာ ဖော်ပြထားတယ်လို့ ပြောဆိုပါတယ်။
လက်ရှိတော်လှန်ရေးဟာ အဆုံးအဖြတ်ကာလကို ရောက်ရှိနေပြီလို့ ပြောဆိုပြီး ပြည်သူတွေအနေနဲ့ PRF အစီအစဉ်အပါအဝင် ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းတွေမှာ ပါဝင်ပေးကြဖို့ NUG က တိုက်တွန်းထားပါတယ်။
#NUG #PDF #မြန်မာ့နိုင်ငံရေး #ဇူလိုင်လတိုက်ပွဲများ #မြန်မာ့အရေး

မဲဆောက်တွင် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲ နှစ် ၂၀ ပြည့် စည်ကားစွာကျင်းပ
ဩဂုတ် ၂၃
The Kaladan Post
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်ပရပ်ကွက် (၈) ရှိ ခြေတော်ရာ သင်္ဘောဦးဆိပ်တောရကျောင်းမှာ ကရင် ရိုးရာယဉ်ကျေးမှုနဲ့ အမျိုးသားရေးအမွေအနှစ်တွေကို ထိန်းသိမ်းပြီး မျိုးဆက်သစ်တွေဆီ လက်ဆင့် ကမ်းနိုင်ဖို့ ရည်ရွယ်တဲ့ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲကို ဩဂုတ် ၂၃ ရက်မှာ စည်ကားစွာ ကျင်းပခဲ့ ကြောင်း KNU က အသိပေးလာပါတယ်။ ဒီနှစ်ပွဲတော်ဟာ ထိုင်းဒေသခံအာဏာပိုင်တွေနဲ့ ကရင်လူမှု အသိုက်အဝန်းတွေ ပူးပေါင်းကျင်းပလာတာ နှစ်ပေါင်း ၂၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်ပွဲလည်း ဖြစ်ပြီး ဒေသအသီးသီးက ကရင်လူမျိုးတွေအပါအဝင် လူဦးရေ ၂,၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အတိုပါ ပွဲတော်မှာ ရိုးရာလိပ်ပြာခေါ်ခြင်းအစီအစဉ်နဲ့ ဖားစည်တီးပြီး ဖွင့်လှစ်ခဲ့သလို တာဝန်ရှိသူတွေ က ဂုဏ်ပြုအမှာစကားတွေ ပြောကြားခဲ့ပြီး ကရင်ရိုးရာယဉ်ကျေးမှုနဲ့ စည်းလုံးညီညွတ်ရေးဆိုင်ရာ သဝဏ်လွှာတွေကိုလည်း ဖတ်ကြားခဲ့တယ်လို့ဆိုပါတယ်။ အခမ်းအနားရဲ့ အဓိကအစီအစဉ်တစ်ခု အဖြစ် သက်ကြီးရွယ်အိုတွေက လူငယ်တွေရဲ့ လက်မှာ ချည်ဖြူဖွဲ့ပေးပြီး ဆုမွန်ကောင်းတောင်းပေးတဲ့ ရိုးရာလက်ချည်ပွဲကို ကျင်းပခဲ့သည့်အပြင် ရိုးရာဒုံးအကတွေနဲ့ တေးသီချင်းတွေကိုလည်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။
ကရင်ရိုးရာလက်ချည်ရာမှာ ထမင်းဆုပ်၊ ကောက်ညှင်းထုပ်၊ ငှက်ပျောသီး၊ ကြံ၊ ချည်ဖြူ၊ နတ်ပန်းညိုနဲ့ ရေတစ်ခွက်တို့လို ရိုးရာအဓိပ္ပာယ်ကိုယ်စီရှိတဲ့ ပစ္စည်း ၇ မျိုးကို အသုံးပြုကြပြီး ရိုးရာဓလေ့ထုံးတမ်းနဲ့ လူငယ်မျိုးဆက်အကြား ဆက်စပ်မှုကို ဖော်ပြတဲ့ အစဉ်အလာတစ်ရပ်အဖြစ် ဆက်လက်ထိန်းသိမ်းထားကြတာလည်း ဖြစ်ပါတယ်။
#ကရင်ရိုးရာ #ချည်ဖြူဖွဲ့မင်္ဂလာပွဲ #မဲဆောက် #ကရင်ယဉ်ကျေးမှု
