ဧရာဝတီမြစ်အတွင်း သင်္ဘော ၁၅ စီး ဆန်တက်လာသဖြင့် မြစ်ကမ်းနေပြည်သူများ သတိထားရန် သတိပေး
ဩဂုတ် ၂၂
The Kaladan Post
မန်းလေးဘက်ကနေ ထွက်ခွာလာတဲ့ သင်္ဘော ၁၅ စီးဟာ ဝက်လက်မြို့နယ် အရှေ့တောင်ဘက်ရှိ ရှိမ်းမကားအရှေ့ဘက်မှာ ညအိပ်ရပ်နားပြီး ဩဂုတ် ၂၂ ရက် မနက်အစောပိုင်းက အထက်ဘက်ကို ဆက်လက်ဆန်တက်နေသဖြင့် မြစ်ကမ်းနေပြည်သူများ သတိထားနေထိုင်ကြရန် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးပြောဆိုထားပါတယ်။
အဆိုပါ စစ်သင်္ဘောအုပ်စုနဲ့အတူ ကင်းထောက်လေယာဉ်တစ်စီး လိုက်ပါစောင့်ကြည့်နေပြီး Y-12 လေယာဉ်အသုံးပြုကာ ဝက်လက်မြို့နယ်အရှေ့ခြမ်းတစ်နေရာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် သင်္ဘောတွေ ဆန်တက်လာတဲ့ ရေလမ်းကြောင်းတစ်လျှောက် မြစ်ကမ်းဘေးနဲ့ မြစ်အတွင်း ကျွန်းတွေမှာ နေထိုင်သူတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်တွေကို သတိထားကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
#ဝက်လက်မြို့နယ် #သင်္ဘော၁၅စီး #ဧရာဝတီမြစ်ကြောင်း #လေကြောင်းတိုက်ခိုက်မှု

မြိုင် ဝဲတူးရေနံမြေ ပြန်လည်ထိန်းချုပ်ရန် ၃မိုင်ခန့် အနီးအထိ စစ်တပ်စစ်ကြောင်းရောက်ရှိ
ဩဂုတ် ၂၂
The Kaladan Post
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဝဲတူးရေနံမြေကို ပြန်လည် ရယူဖို့ စစ်ကောင်စီတပ်က အင်အားရာချီအသုံးပြုပြီး မေလလယ်ကတည်းက စစ်တင်ကာ ထိုးစစ်ဆင်နေတာကြောင့် နေ့စဥ်နီးပါးတိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ အပါအဝင် စစ်ကြောင်းတွေက လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှု တွေ အသုံးပြုပြီး ဝင်ရောက်လာကာ လက်ရှိမှာ ရေနံမြေနဲ့ သုံးမိုင်ခန့်အကွာ တောင်စုံရွာအထိ ရောက်ရှိလာတယ်လို့ ပြောဆိုထားပါတယ်။
အဆိုပါ စစ်ကြောင်းထိုးမှုအတွင်း အရပ်သား ၂၄ ဦး သေဆုံးပြီး နေအိမ် ၃၀၀ ကျော် မီးရှို့ဖျက်ဆီးတာ ကြောင့် ကျေးရွာ ၂၀ ကျော်က ဒေသခံသောင်းနှင့်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေ ရပါတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့တွေက ပြောဆိုထားပါတယ်။ ဝဲတူးရေနံမြေကို တော်လှန်ရေး အင်အားစုတွေက ၂၀၂၄ ခုနှစ်ကတည်းက ထိန်းချုပ်ထားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀၂၅ ခုနှစ်မှာ ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ရေနံမြေအထိ မရောက်ရှိနိုင်ခဲ့ကြောင်း သိရပါတယ်။
လက်ရှိမှာ NUG လက်အောက်ခံတပ်ရင်းတွေ၊ မကွေးဖက်ဒရယ်ယူနစ်၊ ABSDF၊ BPLA နဲ့ ဒေသခံ ပကဖ အဖွဲ့တွေ ပူးပေါင်းပြီး “အညာတမာစစ်ဆင်ရေး” အဖြစ် ခုခံနေကြောင်း သိရပါတယ်။ စစ်ရေးတင်းမာမှု ဆက်လက်ရှိနေတဲ့အတွက် ရေနံမြေနဲ့ အနီးဝန်းကျင်ကျေးရွာတွေက ပြည်သူတွေအနေနဲ့ လုံခြုံရေးသတင်းတွေကို အထူးဂရုစိုက်စောင့်ကြည့်ပြီး စစ်ကြောင်းနဲ့ မတွေ့ဆုံနိုင်အောင် ကြိုတင်တိမ်းရှောင်နေကြကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
#မြိုင်မြို့နယ် #ဝဲတူးရေနံမြေ #အညာတမာစစ်ဆင်ရေး #စစ်ဘေးရှောင်ပြည်သူများ

ခမရ-၃၅၇ မှ အတင်းအဓမ္မ စစ်မှုထမ်းခဲ့ရသူ ၂ ဦး KNLA ထံ လက်နက်ချအလင်းဝင်
ဩဂုတ် ၂၂
The Kaladan Post
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇) ထံကို စစ်ကောင်စီ ခမရ-၃၅၇ တပ်ရင်းမှ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံထားသူ တပ်သား ၂ ဦး ဩဂုတ် ၁၅ ရက်က လက်နက်များ ယူဆောင်ပြီး လက်နက်ချအလင်းဝင်လာတယ်လို့ KNU က အသိပေးလာပါတယ်။
အဆိုပါ အလင်းဝင်လာသူတွေဟာ အသက် ၂၄ နှစ်နဲ့ ၂၅ နှစ်အရွယ် တပ်သားတွေဖြစ်ကြပြီး MA-2 သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ခု၊ ကျည်ဆံ ၂၀၀ တောင့်နဲ့ ကျည်ကာအင်္ကျီ ၂ ထည် ယူဆောင်လာခဲ့ကြောင်း သိရပါတယ်။ အလင်းဝင်လာတဲ့ တပ်သား ၂ ဦးကို တစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ ဆုချီးမြှင့်ခဲ့တယ်လို့ KNLA တပ်မဟာ (၇) က ဆိုထားပါတယ်။
အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံနေရတဲ့ စစ်သားတွေကို မိမိတို့နဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်ပြီး ပူးပေါင်းကြဖို့ KNU ဘက်က တိုက်တွန်းထားပါတယ်။
#KNLA #KNU #လက်နက်ချအလင်းဝင် #အတင်းအဓမ္မစစ်မှုထမ်း

တောင်တွင်းကြီးတွင် စစ်ကားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ
ဩဂုတ် ၂၂
The Kaladan Post
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် ရန်ကုန်–မန္တလေး အမှတ်(၂) လမ်းပိုင်းတွင် စစ်ကား ၂ စီးကို ဩဂုတ် ၂၀ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး မိုင်းထိပြီး စစ်သားတွေ ထိခိုက်သေဆုံးမှုများ နိုင်တယ်လို့ ပုဏ္ဏဝတီ ပကဖက အသိပေးလာပါတယ်။ အဆိုပါတိုက်ခိုက်မှုဟာ ပရပ်ကြယ်ကျေးရွာနဲ့ ဆတ်သွားကျေးရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ကားတစ်စီးစီမှာ စစ်သား ၂၅ ဦးခန့် ပါဝင်နိုင်တယ်လို့ ခန့်မှန်းထားပြီး ထိခိုက်သေဆုံးသူအရေအတွက်ကိုတော့ အတည်မပြုနိုင်သေးကြောင်း သိရပါတယ်။
တိုက်ခိုက်ပြီးနောက် ကျန်ရှိတဲ့ စစ်ကားပေါ်ကနေ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို တောင်တွင်းကြီးမြို့နယ် ပကဖ၊ မကွေးတောင်ပိုင်း ပကဖ၊ မကွေး –တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့နဲ့ Rocket Fighter အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပုဏ္ဏဝတီအဖွဲ့ဟာ မကြာသေးခင်က တောင်တွင်းကြီးမြို့နယ် ပကဖရဲ့ ကွပ်ကဲမှုအောက်ကို ဝင်ရောက်ပြီး တောင်တွင်းကြီးမြို့နယ် ပကဖအဖြစ် ဆက်လက်လုပ်ဆောင်နေကြောင်း သိရပါတယ်။
#တောင်တွင်းကြီး #မကွေးတိုင်း #စစ်ကားမိုင်းထိ #ပကဖ #မြန်မာ့အရေး

သရက်ခရိုင်အတွင်း စစ်အင်အားထောင်ချီ ဝင်ရောက်သဖြင့် ပြည်သူများ သတိထားကြရန် သတိပေး
ဩဂုတ် ၂၂
The Kaladan Post
မကွေးတိုင်း၊ သရက်ခရိုင်အတွင်း စစ်အင်အားထောင်ချီပါဝင်တဲ့ စစ်ယာဉ်တန်းတွေ ဝင်ရောက်လာတာ ကြောင့် ဒေသတွင်း စစ်ရေးတင်းမာနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က သတိပေးထားပါ တယ်။ ဩဂုတ် ၂၂ ရက် မနက်ပိုင်းအထိ အောင်လံဘက်ကနေ သရက်မြို့နယ်ရှိ ကပစ-၁၂ စက်ရုံဘက် ကို စစ်ကားအစီးရေ ၁၅၀ ကျော်နဲ့ အင်အား ၂,၀၀၀ ကျော်ခန့် ဝင်ရောက်လာပြီး မင်းတုန်းမြို့ဘက်ကို လည်း အင်အားခွဲပြီး ဆက်လက်ရွှေ့ပြောင်းနေကြောင်း ပြောဆိုထားပါတယ်။
အဆိုပါ စစ်ယာဉ်တန်းတွေမှာ တပ်မ ၅၅ လက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ စစ်မှုထမ်းတပ်သားများ ပါဝင်လာပြီး ဒေသတွင်း စစ်ကြောင်းထိုးဖို့ အင်အားဖြည့်တင်းတာဖြစ်နိုင်တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက သုံးသပ်ထားပါတယ်။ လက်ရှိမှာ ကပစ-၁၂ ကနေ မင်းတုန်းမြို့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကား ၉ စီးနဲ့ စစ်ကောင်စီတပ် အင်အား ၂၅၀ ခန့်ရှိတဲ့ ယာဉ်တန်းလည်း ဆက်လက်လှုပ်ရှားနေတယ်လို့ သိရပါတယ်။
စစ်ယာဉ်တန်းတွေလှုပ်ရှားနေမှုကြောင့် မြေပြင်တိုက်ပွဲအပြင် လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ် ကိုပါ သတိထားပြီး လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ မကွေးတိုင်းပကဖနဲ့က သတိပေးထား ပါတယ်။
ယခင်ရက်တွေကလည်း သရက်-မင်းတုန်းနဲ့ ပုသိမ်-မုံရွာ လမ်းပိုင်းတွေမှာ စစ်ယာဉ်တန်း တိုက်ခိုက်ခံ ရမှုရှိခဲ့တာကြောင့် လက်ရှိစစ်ရေးအခြေအနေကို ဒေသခံတွေက စိုးရိမ်နေကြရပါတယ်။
#သရက်ခရိုင် #မကွေးတိုင်း #စစ်ယာဉ်တန်း #စစ်ရေးတင်းမာမှု #မြန်မာ့အရေး

မိုင်းပျဉ်းတွင် RCSS နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက် ၆ ဦး သေဆုံး
ဩဂုတ် ၂၂
The Kaladan Post
ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်မှာ ယနေ့ ဩဂုတ် ၂၂ ရက် နေ့လည်ပိုင်းက ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS) တပ်ဖွဲ့နဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့တယ် လို့ ဒေသသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။ ဗိုလ်ကြီး သန်းနိုင်စိုး ဦးဆောင်တဲ့ ခမရ (၃၁၄) နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်လာရာကနေ RCSS တပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲဟာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ်ဘက်က ၆ ဦး သေဆုံးကာ တချို့ဒဏ်ရာရရှိခဲ့တယ်လို့ RCSS ဘက်က ဆိုပါတယ်။ တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဘက်က ပြန်လည်ဆုတ်ခွာသွားပြီးနောက် လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ RCSS ကြား ထိတွေ့မှုနည်းပါးခဲ့ပေမယ့် လက်ရှိ ဖြစ်စဉ်ကြောင့် မိုင်းပျဉ်းဒေသမှာ စစ်ရေးတင်းမာမှု ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ဒေသခံနဲ့ လေ့လာသူတွေရဲ့ ပြောဆိုမှုများ ထွက်ပေါ်နေပါတယ်။
#မိုင်းပျဉ်း #RCSS #ရှမ်းပြည်နယ် #စစ်ရေးတင်းမာမှု #မြန်မာ့အရေး
