စက်တင် ၂၁၊ ၂၀၂၆
The Kaladan Post
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာ၌ စစ်ကောင်စီ၏ မြို့နယ်များအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ ၄၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားခဲ့ပြီး ပဋိပက္ခအတွင်း လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ရကြောင်း သုတေသီ ဆာချင်ယာဒေ့ဗ် (Sachin Yadav) ၏ လေ့လာဆန်းစစ်ချက် ဆောင်းပါးတွင် ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်း ၁၄ ခုစလုံးတွင် စစ်မျက်နှာစုံ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရာ တော်လှန်ရေး အင်အားစုများက နယ်မြေအများအပြားကို ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် ၁၄ ခု (ပြည်နယ်၏ ၇၀ ရာခိုင်နှုန်းခန့်) ကို ထိန်းချုပ်ထားပြီး မြို့တော် စစ်တွေမြို့ကို ဆက်လက် ဖိအားပေးလျက် ရှိပါတယ်။
တရားဝင်မှု ရရှိရန်အတွက် စစ်ကောင်စီက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး ဧပြီလတွင် မင်းအောင်လှိုင်က သမ္မတအဖြစ် တာဝန်ယူခဲ့ပါတယ်။ သို့သော်လည်း အဆိုပါ ရွေးကောက်ပွဲ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၄၀၈ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား အနည်းဆုံး ၁၇၀ သေဆုံးခဲ့သည့်အပြင် ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေဖြင့် လူပေါင်း ၄၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
၅ နှစ်တာ ကာလအတွင်း မြန်မာ့စီးပွားရေး ထုတ်လုပ်မှုတန်ဖိုး ဒေါ်လာ ၁၀၀ ဘီလီယံနီးပါး ဆုံးရှုံးခဲ့ပြီး ဂျီဒီပီသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ၉ ရာခိုင်နှုန်းကျော် ကျုံ့သွားခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် စီးပွားရေး တိုးတက်မှု ၂ ရာခိုင်နှုန်းသာ ရှိမည်ဖြစ်ပြီး ဆင်းရဲမွဲတေမှုနှုန်းမှာ ၂၀၂၄ ခုနှစ်က ၃၁ ရာခိုင်နှုန်း ရှိရာမှ ၂၀၂၅ ခုနှစ်တွင် ၄၆ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာခဲ့ပါတယ်။
လက်ရှိ ၂၀၂၆ ခုနှစ်တွင် ကလေးသူငယ် ၄ ဒသမ ၉ သန်း အပါအဝင် လူဦးရေ ၁၆ ဒသမ ၂ သန်းသည် အရေးပေါ် အကူအညီများ လိုအပ်နေပြီး ၃ ဒသမ ၆ သန်းနီးပါးမှာ စစ်ဘေးရှောင်နေကြရပါတယ်။ ထို့အပြင် ၂၀၂၅ ခုနှစ် မတ်လက လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးကြောင့် လူပေါင်း ၃,၆၀၀ ကျော် သေဆုံးခဲ့ရပြီး လူသားချင်းစာနာမှု အကျပ်အတည်းကို ပိုမို ဆိုးရွားစေခဲ့ကြောင်း အစီရင်ခံစာတွင် ထောက်ပြထားပါတယ်။
Source – Sachin Yadav