ကျောက်ပန်းတောင်းမှာ စစ်တပ်ပစ်ခတ်သည့် ထိတ်လန့်မှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ

စက်တင်ဘာလ ၁၀
The Kaladan Post
မကွေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ကမ္ဘာတဲကျေးရွာကို ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က စစ်တပ် စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး သက်တော် ၉၀ ခန့် အရွယ် ဆရာတော်တစ်ပါး ထိတ်လန့်မှုကြောင့် ပျံလွန်တော်မူခဲ့ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။ ဆရာတော် ပျံလွန်တော်မူပြီးနောက် စစ်တပ်က အသံချဲ့စက်နဲ့ အလောင်းလာရောက်သင်္ဂြိုဟ်ဖို့ ပြောပေမယ့် စစ်ကြောင်းက ကျောင်းအတွင်း တပ်စွဲထားတာကြောင့် ဒေသခံတွေက ကျေးရွာထဲ ဝင်ရောက်ဖို့ မရဲခဲ့ကြဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်က ကျေးရွာအတွင်းရှိ ဆေးရုံနဲ့ ဖုန်းတာဝါတိုင်ကိုလည်း မီးရှို့ဖျက်ဆီးသွားတာကြောင့် ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်ပြီး ပြည်သူတွေရဲ့ သွားလာဆက်သွယ်ရေးမှာ အခက်အခဲတွေ ဖြစ်ပေါ်နေတာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ စစ်တပ်က ကမ္ဘာတဲရွာမှာ တပ်စွဲထားဆဲပြီး ဝဲတောင်၊ တောင်သာ၊ မြင်းခြံနဲ့ နွားထိုးကြီးဘက်က လမ်းပိုင်းတွေကို ပိတ်ဆို့ထားတာကြောင့် ကုန်စည်စီးဆင်းမှု ထိခိုက်ကာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ စစ်ကြောင်းဟာ စက်တင်ဘာ ၅ ရက်ကလည်း သုံးအိမ်ကုန်းနဲ့ သီးကုန်းကျေးရွာတွေမှာ နေအိမ် တွေကို မီးရှို့ခဲ့ပြီး နေအိမ် ၂၀ ကျော် ပျက်စီးခဲ့ကြောင်း ဆိုပါတယ်။ ထို့ပြင် တောင်ပေါ်ကျေးရွာက ဆိုင်ကယ် ၁၅ စီးနဲ့ နေအိမ်တွေထဲက တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားခဲ့ပြီး စစ်ဘေးရှောင် ပြည်သူတွေထံက ငွေကြေး၊ ဖုန်းနဲ့ လက်ဝတ်ရတနာတွေ လုယူသွားကြောင်း သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
#thekaladanpost #ကျောက်ပန်းတောင်း #မကွေးတိုင်း #စစ်တပ်စစ်ကြောင်း #လမ်းပန်းဆက်သွယ်ရေး


စစ်တွေဘက် စစ်တပ်၏ ၄၉၂၆ စစ်ဆင်ရေးအတွင်း ALP တပ်သား၊ မူဆလင်စစ်သားတွေ ပါဝင်ဟု ဆို

စက်တင်ဘာလ ၁၀
The Kaladan Post
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်အစပ်ဘက်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာပြီး အဲဒီအတွင်း ALP တပ်သားတွေနဲ့ စစ်မှုထမ်းခေါ်ဆောင် ထားတဲ့ မူဆလင်စစ်သားတွေ ပါဝင်နေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်က စတင်တဲ့ အဆိုပါထိုးစစ်ကို စစ်တပ် ဝါဒဖြန့် ကျော်စိုးဦးက “၄၉၂၆ စစ်ဆင်ရေး” လို့ ပြောဆိုထားသော်လည်း စစ်တပ်ကတော့ တရားဝင် ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းတချို့ဟာ ပထမနေ့မှာပဲ အထိအခိုက်များစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ရွာဘိုနဲ့ ရဲရိုးပြင်ဘက်မှာတော့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ လက်ရှိ ၅ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆၀ ကျော် သေဆုံးပြီး ၉၀ ကျော် ဒဏ်ရာရရှိပြီ ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်တွေမြို့ပေါ်က အရပ်သားတချို့ကို ဖမ်းဆီးပြီး စစ်ကြောင်းထိုးရာမှာ လူသားဒိုင်းသဖွယ် အသုံးပြုနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက စွပ်စွဲထားသလို ALP ကလည်း လူငယ်တချို့ကို စစ်သင်တန်းပေးနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်အစပ် တစ်လျှောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က တပ်အင်အားမျိုးစုံ အသုံးပြု နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
#thekaladanpost #စစ်တွေ #ရခိုင်စစ်ရေး #AA #ALP #မြန်မာ့သတင်း

တွန်ဇံမှာ ZRA-EC ကင်းစခန်းတိုက်ခိုက်ခံရပြီး ရဲဘော် ၁ ဦးသေဆုံး

စက်တင်ဘာလ ၁၀
The Kaladan Post
ချင်းပြည်နယ်မြောက်ပိုင်း တွန်ဇံမြို့နယ် ဇမ်ပီးကျေးရွာက ZRA-EC ကင်းစခန်းကို ယနေ့ စက်တင်ဘာ ၁၀ ရက် မနက် ၃ နာရီခန့်မှာ ZNA က အင်အား ၃၀ ခန့်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ZRA-EC က ပြောဆိုထားပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ZRA-EC ရဲဘော် George Zomi သေဆုံးခဲ့ပြီး နောက်ထပ် ရဲဘော် ၂ ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်အပေါ် နောင်မှာ နေ့ညမရွေး တုံ့ပြန်သွားမယ်လို့ ZRA-EC က သတိပေးထားပြီး လက်စားချေ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်လာနိုင်တဲ့ အခြေအနေရှိနေပြီး ဒေသခံတွေစိုးရိမ်နေရတယ်လို့ သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်ကလည်း ZPCC/ZRA-EC က ZNA ရဲ့ ကမ်းကေစခန်းကို ဝင်ရောက်စီးနင်းပြီး စခန်းကို မီးရှို့ဖျက်ဆီးကာ ပစ္စည်းတွေ ယူဆောင်သွားခဲ့တယ်လို့ ZNA ဘက်က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ ZNA နဲ့ ZRA-EC ဟာ တစ်ဖွဲ့ကနေ ခွဲထွက်လာတဲ့ အဖွဲ့တွေဖြစ်ပြီး တွန်ဇံမြို့နယ်နဲ့ အနီးဝန်းကျင်မှာ နှစ်ဖက်အကြား ထိပ်တိုက်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေကြောင်း သိရပါတယ်။
#thekaladanpost #တွန်ဇံ #ZNA #ZRAEC #ချင်းပြည်နယ်

မင်းအောင်လှိုင်ကို ကြိုဆိုမယ့်အစား ဖမ်းဆီးကာ ICC လွှဲပြောင်းဖို့ Fortify Rights တောင်းဆို

စက်တင်ဘာလ ၁၀
The Kaladan Post
မင်းအောင်လှိုင် စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်မယ့်ခရီးစဉ် အတွင်း နိုင်ငံတော်အဆင့် ကြိုဆိုမှုမပြုလုပ်ဘဲ ICC ရဲ့ ဖမ်းဆီးလွှဲပြောင်းပေးရန် တောင်းဆိုချက်ရှိ လာရင် လိုက်နာဖို့ Fortify Rights က တောင်းဆိုထားပါတယ်။ ကမ္ဘောဒီးယားဟာ ICC အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အတွက် မင်းအောင်လှိုင်အပေါ် ဖမ်းဝရမ်းနဲ့ ပတ်သက်ပြီး တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတကာဥပဒေအရ တာဝန်ရှိတယ်လို့ Fortify Rights က ထောက်ပြထားပါတယ်။
ICC အစိုးရရှေ့နေဟောင်း ကာရင်မ်ခန်းက ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ မင်းအောင်လှိုင်အပေါ် ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားခဲ့ပြီး ရိုဟင်ဂျာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု တွေနဲ့ ပတ်သက်တဲ့ တာဝန်ရှိမှုအတွက် အခြေခံရှိတယ်လို့ ဆိုထားပါတယ်။ မင်းအောင်လှိုင်ကို ပုံမှန်နိုင်ငံတော်ဧည့်သည်လို ဆက်ဆံခြင်းက စစ်တပ်ကို နိုင်ငံတကာမှာ တရားဝင်အစိုးရတစ်ရပ်အဖြစ် ပြန်လည်ရပ်တည်နိုင်ဖို့ အခွင့်အလမ်းပေးသလို ဖြစ်နိုင်တာကြောင့် ကမ္ဘောဒီးယားအနေနဲ့ ခရီးစဉ်ကို ဖျက်သိမ်းသင့်တယ်လို့ Fortify Rights က တိုက်တွန်းထားပါတယ်။
ဒီဖြစ်စဥ်အပေါ် မြန်မာစစ်တပ်က IIMM ကို ၂၀၁၈ ခုနှစ်ကတည်းက အသိအမှတ်မပြုကြောင်းနဲ့ ဒီယန္တရားရဲ့ အစီရင်ခံစာတွေဟာ တစ်ဖက်သတ်စွပ်စွဲချက်တွေအပေါ် အခြေခံထားတယ်လို့ ငြင်းဆို ထားပါတယ်။ လက်ရှိမှာ ICC ဝရမ်းနဲ့ ကမ္ဘောဒီးယားရဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် တာဝန်တွေဟာ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အဓိကအာရုံစိုက်စရာ ဖြစ်လာနေပြီး Fortify Rights က နိုင်ငံတကာတရားမျှတမှုအရ လိုအပ်သလို လိုက်နာဆောင်ရွက်ဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။
#thekaladanpost #မင်းအောင်လှိုင် #ICC #FortifyRights #ကမ္ဘောဒီးယား #မြန်မာ့သတင်း

ပြည်သူ့ခုခံတွန်းလှန်စစ် ၅ နှစ်တာအတွင်း ကျဆုံးခဲ့သူများကို NUG က ရည်စူးဂုဏ်ပြု

စက်တင်ဘာလ ၁၀
The Kaladan Post
အာဏာသိမ်း စစ်ကောင်စီတပ်ကို ခုခံတွန်းလှန်စစ် ၅ နှစ်တာကာလအတွင်း စစ်မျက်နှာအသီးသီးမှာ အသက်ပေးစွန့်လွှတ်ခဲ့ကြတဲ့ PDF၊ ပကဖနဲ့ မဟာမိတ်တော်လှန်ရေးရဲဘော်တွေကို ရည်စူးပြီး သံဃာတော်တွေထံ နေ့ဆွမ်း၊ သင်္ကန်းနဲ့ နဝကမ္မဝတ္ထုငွေတွေ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း NUG က အသိပေးလာပါတယ်။ အခမ်းအနားကို NUG ရဲ့ အုပ်ချုပ်ရေးနယ်မြေတစ်နေရာမှာ ကျင်းပခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနနဲ့ PDF တာဝန်ရှိသူတွေနဲ့ ဖိတ်ကြားထားတဲ့ အရပ်ဘက်တာဝန်ရှိသူတွေပါ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အခုလို အလှူဒါနပြုလုပ်တာဟာ ပြည်သူ့တော်လှန်ရေးအတွက် အသက်ပေးစွန့်လွှတ်ခဲ့ကြသူတွေကို အောက်မေ့ဂုဏ်ပြုတဲ့ အစီအစဉ်တစ်ရပ်ဖြစ်တယ်လို့ NUG ကတ ပြောဆိုထားပါတယ်။
ထို့ပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၅ နှစ်တာကာလအတွင်း အသက်ပေးစွန့်လွှတ်ခဲ့ကြတဲ့ ရဲဘော်တွေနဲ့ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ခဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ PDF တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် ဘွဲ့၊ ဆုနဲ့ တံဆိပ်ချီးမြှင့်ပွဲကို စက်တင်ဘာ ၇ ရက်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ HPR ၁ ဦး၊ ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ LPR ၂၁ ဦး၊ ပြည်သူ့ဇာနည်ဆု PMNS ၁,၆၄၇ ဦး၊ ပြည်သူ့သားကောင်းဆု PMLS ၈၁ ဦးနဲ့ တော်လှန်ရေး အမှုထမ်းကောင်းတံဆိပ် BRS ၄၂ ဦး စုစုပေါင်း ၁,၇၉၂ ဦးကို ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါဆုရရှိသူတွေထဲမှာ PDF က ၁,၄၄၂ ဦး၊ PDO က ၃၂၄ ဦးနဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်း တွေက ၂၆ ဦး ပါဝင်ပြီး စစ်ဒေသ၊ တပ်မ၊ တပ်ရင်းနဲ့ တပ်ဖွဲ့အလိုက် ၄၅ ဖွဲ့လည်း ချီးမြှင့်ခံခဲ့ကြောင်း သိရပါတယ်။ ဒီလို ဘွဲ့၊ ဆုနဲ့ တံဆိပ်ချီးမြှင့်မှုတွေကို တော်လှန်ရေးမှာ ပါဝင်ခဲ့သူတွေရဲ့ ပေးဆပ်မှုနဲ့ အမှုထမ်းဆောင်မှု တွေကို အသိအမှတ်ပြုဂုဏ်ပြုတာဖြစ်ပြီး နှစ်စဉ် ဆက်လက်ကျင်းပသွားမယ်လို့ NUG က ဆိုပါတယ်။
#thekaladanpost #NUG #PDF #တော်လှန်ရေး #သူရဲကောင်းဆုတံဆိပ် #မြန်မာ့သတင်း


စင်းခန်းတံတားတိုက်ပွဲအတွင် စစ်ကောင်စီတပ် ၁၅၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးဟု KIA ဆို

စက်တင်ဘာလ ၁၀
The Kaladan Post
ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ စင်းခန်းတံတားအနီးတွင် ပြီးခဲ့တဲ့စက်တင်ဘာ ၂ ရက်က စစ်ယာဉ်တွေ ကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ပြီး အလံဖြူထောင်အလင်းဝင်လာသူတွေအပါအဝင် စစ်သုံ့ပန်း ၁၅၁ ဦး ဖမ်းဆီးရရှိခဲ့တယ်လို့ KIA က ပြောပါတယ်။ ဖမ်းဆီးရရှိသူတွေထဲမှာ စစ်အရာရှိနဲ့ တပ်သား တွေ၊ အဓမ္မစစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံထားရတဲ့ တပ်သားသစ် ၃၄ ဦး၊ တပ်မိသားစုဝင် အမျိုးသမီး ၁၇ ဦးနဲ့ အသက် ၄ လကနေ ၄ နှစ်အထိ ကလေးတွေအပြင် အရပ်သား ၈ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အဓမ္မစစ်မှုထမ်းခံခဲ့ရတဲ့ တပ်သားသစ်တွေထဲမှာ အသက်မပြည့်သေးတဲ့ လူငယ် ၄ ဦးပါဝင်ပြီး အသက် ၁၆ နှစ်ကနေ ၃၀ နှစ်အတွင်းရှိသူတွေလို့ ဆိုပါတယ်။ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက လက်ရှိမှာ စစ်သုံ့ပန်းတွေကို သီးခြားနေရာမှာ လုံခြုံစွာ ထိန်းသိမ်းထားပြီး စစ်အရာရှိတွေရဲ့ ယခင် ကျူးလွန်မှုတွေကို တစ်ဦးချင်းစီ စိစစ်မေးမြန်းနေတယ်လို့ ပြောဆိုထားပါတယ်။
ကလေးတွေ၊ မိခင်အမျိုးသမီးတွေ၊ အဓမ္မစစ်မှုထမ်းခေါ်ဆောင်ခံရတဲ့ တပ်သားသစ်တွေနဲ့ အရပ်သား တွေကို အရေးယူမှာမဟုတ်ဘဲ နိုင်ငံတကာ စစ်သုံ့ပန်းဆိုင်ရာ စံနှုန်းတွေနဲ့အညီ စောင့်ရှောက်ထား တယ်လို့ KIA က ဆိုပါတယ်။ လက်ရှိ စင်းခန်းတံတားနဲ့ ဗန်းမော်၊ ရွှေကူတစ်ဝိုက်မှာ KIA ပူးပေါင်းတပ်နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း ဧရာဝတီမြစ်ရိုး တစ်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
#thekaladanpost #စင်းခန်းတံတား #KIA #စစ်သုံ့ပန်း #ဗန်းမော် #မြန်မာ့သတင်း