စက်တင် ၁၁၊ ၂၀၂၆

The Kaladan Post

မြန်မာနိုင်ငံတွင် ဒရုန်းစစ်ဆင်ရေး သင်တန်းပေးခဲ့သည်ဟု စွပ်စွဲခံထားရသော အမေရိကန်တစ်ဦးနှင့် ယူကရိန်းနိုင်ငံသား ၆ ဦးတို့သည် အိန္ဒိယနိုင်ငံကို ဆန့်ကျင်သည့် လုပ်ရပ်များတွင် ပါဝင်ခဲ့ကြောင်း ခိုင်လုံသော သက်သေအထောက်အထား မတွေ့ရသေးဟု အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA) က ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်နိုင်ငံသား မက်သရူး အာရွန် ဗန်ဒိုက်ခ် (Matthew Aaron Van Dyke) နှင့် ယူကရိန်းနိုင်ငံသား ၆ ဦးတို့ကို ၂၀၂၅ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသားများ အက်ဥပဒေဖြင့် စက်တင်ဘာလ ၈ ရက်နေ့က တရားရုံး၌ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် အိန္ဒိယသို့ ရောက်ရှိလာပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်ကို တရားမဝင် ဖြတ်ကျော်ကာ မြန်မာနိုင်ငံရှိ ဗစ်တိုးရီးယားစခန်း (Victoria Camp) သို့ သွားရောက်ခဲ့သည်ဟု NIA က စွပ်စွဲထားပါတယ်။

၎င်းတို့သည် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များအား ဒရုန်းမောင်းနှင်မှု၊ တပ်ဆင်မှုနှင့် အီလက်ထရွန်းနစ် လှိုင်းနှောင့်ယှက်မှု နည်းပညာများကို သင်တန်းပေးခဲ့သည့်အပြင် စစ်ဆင်ရေးများတွင်လည်း ပါဝင်ခဲ့သည်ဟု ဆိုပါတယ်။ အဆိုပါအဖွဲ့သည် CNF ထံမှ ထောက်ပံ့ပို့ဆောင်ရေး အကူအညီများ ရရှိခဲ့ပြီး မြန်မာအခြေစိုက် လက်နက်ကိုင်တပ်မှူးတစ်ဦးက ကုန်ကျစရိတ်များ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒေလီ အကောက်ခွန်ဌာနက ၎င်းတို့နှင့် ဆက်စပ်သည့် ဒရုန်းများနှင့် စက်ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး အခြား သိမ်းဆည်းရမိသော အီလက်ထရွန်းနစ် ပစ္စည်းများကိုလည်း NIA က ဆက်လက် စစ်ဆေးနေပါတယ်။ အိန္ဒိယ သူပုန်အဖွဲ့များနှင့် ဆက်နွှယ်မှု ရှိမရှိနှင့် အိန္ဒိယ လုံခြုံရေးကို ထိခိုက်စေသည့် လုပ်ရပ်များ ရှိမရှိ သိရှိနိုင်ရန် မတရားသင်း တန်ပြန်ရေး ဥပဒေ (UAPA) အရ စုံစမ်းစစ်ဆေးမှုများကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။

Source – The Sentinel