စက်တင် ၁၉၊ ၂၀၂၆

The Kaladan Post

၎င်းတို့၏ နျူကလီးယား လက်နက် အစီအစဉ်ကို ဝေဖန်သည့် အပြည်ပြည်ဆိုင်ရာ နျူကလီးယား စွမ်းအင်အေဂျင်စီ (IAEA) ၏ ဆုံးဖြတ်ချက်ကို ပယ်ချလိုက်ပြီး နျူကလီးယား အင်အားကြီးနိုင်ငံ ဖြစ်လာမှုသည် “နောက်ပြန်လှည့်၍ မရနိုင်တော့ကြောင်း” မြောက်ကိုရီးယားက စက်တင်ဘာလ ၁၉ ရက် စနေနေ့တွင် ကြေညာလိုက်ပါတယ်။

အမေရိကန်နှင့် အနောက်နိုင်ငံများက ရေးဆွဲခဲ့သည့် အဆိုပါ ဆုံးဖြတ်ချက်သည် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် အဆင့်အတန်းအပေါ် မည်သည့် သက်ရောက်မှုမျှ မရှိနိုင်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုင်ငံပိုင် KCNA သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ၏ ညီမဖြစ်သူ ကင်ယိုဂျုံ ကလည်း IAEA ၏ “ဘက်လိုက်သည့် အမြင်နှင့် စံနှုန်းနှစ်ခွ ကျင့်သုံးမှုများ” သည် နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေး စနစ်ကို ပြိုလဲစေသည့် အဓိက အကြောင်းရင်းဖြစ်သည်ဟု စွပ်စွဲခဲ့ပါတယ်။ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ နျူကလီးယား ရေငုပ်သင်္ဘော အစီအစဉ်များကို မျက်ကွယ်ပြုထားပြီး မြောက်ကိုရီးယား၏ ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့် တရားဝင် နျူကလီးယား လုပ်ငန်းများကိုသာ ဖိနှိပ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

ထို့အပြင် ခေါင်းဆောင် ကင်ဂျုံအန် သည် ယခုသီတင်းပတ်အတွင်း အဓိက ခဲယမ်းစက်ရုံများသို့ ၃ ရက်ကြာ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားသည် ၂၀၂၄ ခုနှစ်တွင် ရုရှားနှင့် အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း စစ်တပ်ကို အဆင့်မြှင့်တင်မှုများ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

တင်းမာမှုများ ရှိနေသော်လည်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင် (Lee Jae Myung) ကမူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် ပြုံယမ်းနှင့် ဆွေးနွေးလိုနေပြီး ယင်းဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကူညီပေးသွားမည်ဟု သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။ သမ္မတ ထရမ့် ကလည်း ယခုနှစ်နှောင်းပိုင်းတွင် ကင်ဂျုံအန် နှင့် တွေ့ဆုံရန် စီစဉ်နေပြီး မြောက်ကိုရီးယားတွင် အလွန် အစွမ်းထက်သည့် နျူကလီးယားလက်နက် ၅၇ ခု ရှိနေကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

Source – Al Jazeera