စက်တင် ၁၉၊ ၂၀၂၆

The Kaladan Post

ယူကရိန်းစစ်ပွဲအတွက် ရုရှား၏ စစ်စရိတ် ရန်ပုံငွေများကို ဖြတ်တောက်ရန် ရည်ရွယ်သည့် ရုရှား အရာရှိများနှင့် စီးပွားရေး ကဏ္ဍကြီးများကို ပစ်မှတ်ထားသော အကြီးစား ပိတ်ဆို့အရေးယူမှု ဥပဒေကြမ်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့တွင် လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

အဆိုပါ ဥပဒေကြမ်းသည် ပြီးခဲ့သည့် ဇူလိုင်လက ကွယ်လွန်သွားခဲ့သော သမ္မတ၏ မဟာမိတ် အထက်လွှတ်တော်အမတ် လင်းဆေး ဂရေဟမ် (Lindsey Graham) ၏ အမည်ကို အစွဲပြု မှည့်ခေါ်ထားခြင်း ဖြစ်ပါတယ်။ ယင်းဥပဒေကို အထက်လွှတ်တော်တွင် ၈၆ မဲ – ၁၁ မဲ၊ အောက်လွှတ်တော်တွင် ၂၆၂ မဲ – ၁၅၉ မဲဖြင့် နှစ်ပါတီစလုံး၏ ထောက်ခံမှု အများအပြား ရရှိကာ အတည်ပြုခဲ့ခြင်း ဖြစ်ပါတယ်။

ဥပဒေအရ ရုရှား အရာရှိများ၊ ဘဏ်များနှင့် စွမ်းအင် သယ်ယူပို့ဆောင်နေသည့် အရိပ်တပ်ဖွဲ့ (Shadow fleet) ရေနံတင်သင်္ဘောများကို ပိတ်ဆို့ အရေးယူမည် ဖြစ်ပါတယ်။ ထို့အပြင် ရုရှား ရေနံနှင့် သဘာဝဓာတ်ငွေ့ အများဆုံး တင်သွင်းသည့် ထိပ်တန်း နိုင်ငံ ၅ နိုင်ငံအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်းအထိ စည်းကြပ်ရန် သမ္မတအား လုပ်ပိုင်ခွင့် ပေးထားသလို အီရန်အပေါ် ပိတ်ဆို့မှုများကိုလည်း ၅ နှစ် သက်တမ်းတိုး ထည့်သွင်းထားပါတယ်။

ဥပဒေကြမ်းကို ပူးတွဲ ရေးဆွဲခဲ့သူ အထက်လွှတ်တော်အမတ် ရစ်ချက် ဘလူးမန်သယ်လ် (Richard Blumenthal) က “ပူတင်ဟာ အင်အားနဲ့ စွမ်းအားကိုပဲ နားလည်တဲ့ လူဆိုးတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ အနေနဲ့ ပြတ်ပြတ်သားသား ပြသရပါမယ်” ဟု ပြောကြားခဲ့ပါတယ်။ လင်းဆေး ဂရေဟမ် ၏ နေရာတွင် အစားထိုး တာဝန်ယူသည့် ၎င်း၏ နှမဖြစ်သူ ဒါလင်း ဂရေဟမ် ကလည်း ဤဥပဒေသည် ပူတင်အား စီးပွားရေးအရ ဖိအားပေးပြီး စစ်ပွဲ အဆုံးသတ်စေရန် ကူညီပေးလိမ့်မည်ဟု ဆိုပါတယ်။

သို့သော်လည်း ဒီမိုကရက်တစ် အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဟာကင်း ဂျက်ဖရီးစ် (Hakeem Jeffries) အပါအဝင် အမတ်တချို့ကမူ သမ္မတအား အခွန်တိုးမြှင့် စည်းကြပ်ခွင့် အကန့်အသတ်မရှိ ပေးအပ်ခြင်းသည် အမေရိကန် ပြည်သူများအပေါ် စီးပွားရေး သက်ရောက်မှု ရှိလာနိုင်သည်ဟု သတိပေး ကန့်ကွက်ခဲ့ကြပါတယ်။

Source – AP