စက်တင် ၁၉၊ ၂၀၂၆

The Kaladan Post

ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်အနီးတွင် လူပေါင်း ၁၅,၀၀၀ ကျော် ပါဝင်ပတ်သက်ခဲ့သည့် ဧရာမ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်) စခန်းကြီး၏ အတွင်းပိုင်း အခြေအနေများကို ထိုင်းစစ်တပ်က သတင်းမီဒီယာများအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဖွင့်ဟ ပြသလိုက်ပါတယ်။

အဆိုပါ နေရာသည် ပြီးခဲ့သည့်နှစ်က ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား စစ်ရေးအရ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ရှေ့တန်းစစ်မျက်နှာ ဖြစ်ခဲ့ပြီး ယခုအခါ ထိုင်းစစ်တပ်က ထိန်းချုပ်ထားခြင်း ဖြစ်ပါတယ်။ စတုရန်းမီတာ ၈၁၀,၀၀၀ ခန့် ကျယ်ဝန်းသည့် အဆိုပါ နေရာသည် ကိုဗစ်ကာလအတွင်း ပိတ်ထားခဲ့ရသည့် ဟိုတယ်တစ်ခုဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံတကာ ငွေလိမ်ဂိုဏ်းများ၏ စခန်းကြီးတစ်ခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အဆောက်အအုံ အတွင်းပိုင်းတွင် ပြည်ပမှ လူကုန်ကူးခံရသူများ၏ အဝတ်အထည်များနှင့် ခရီးဆောင်အိတ်များ ပြန့်ကျဲနေသည်ကို တွေ့ရှိခဲ့ရတယ်လို့ သတင်းထောက်များက ဆိုပါတယ်။ ထို့အပြင် တရုတ်၊ ဘရာဇီးနှင့် စင်ကာပူ ရဲစခန်းများကဲ့သို့ အတုအယောင် ပြင်ဆင်ထားသည့် အခန်းများနှင့်အတူ ဂျပန်ဘာသာဖြင့် ရေးသားထားသော လူထုကို လှည့်စား စည်းရုံးသည့် လက်စွဲစာအုပ်များ၊ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

အဆိုပါ လက်စွဲစာအုပ်များတွင် တစ်ဖက်သား၏ ကိုယ်ရေးအချက်အလက်များကို လှည့်ဖျား ရယူနိုင်ရန်အတွက် စိတ်အေးအေးထားရန်နှင့် စာနာနားလည်ပေးသည့် စကားလုံးများကို စနစ်တကျ အသုံးပြုရန် ရေးသားထားပါတယ်။ သတင်းထောက်များ၏ ဖော်ပြချက်အရ အဆိုပါ အဆောက်အအုံသည် နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင်များအဖြစ် ဟန်ဆောင်ကာ ကမ္ဘာတစ်ဝန်းရှိ ပစ်မှတ်များကို ဖုန်းဖြင့် လိမ်လည်နေသည့် “ရာဇဝတ်မှုမြို့တော်” သဖွယ် ဖြစ်နေကြောင်း သိရပါတယ်။

Source – FNN