စက်တင် ၉၊ ၂၀၂၆

The Kaladan Post

မလေးရှားနိုင်ငံတွင် ရိုဟင်ဂျာ ဒုက္ခသည်များကို ပြည်နှင်ဒဏ်ပေးရန် ရည်ရွယ်သည့် အမုန်းစကား ဖြန့်ဝေမှု ကမ်ပိန်းများသည် အကောင့်တုများနှင့် ဉာဏ်ရည်တု (AI) နည်းပညာများကို အသုံးပြုကာ အွန်လိုင်းပေါ်၌ ပြန်လည်မြင့်တက်နေကြောင်း မီဒီယာများက ဖော်ပြထားပါတယ်။

မလေးရှားအခြေစိုက် MalaysiaNow သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ အမုန်းစကား ဖြန့်ဝေမှုများတွင် အကောင့်တုများ၊ အော်တိုမက်တစ် ဘော့တ် (Bot) အကောင့်များနှင့် AI နည်းပညာသုံး ဗီဒီယို ရာပေါင်းများစွာကို အသုံးပြုထားကြောင်း သိရပါတယ်။ အဆိုပါ ဒစ်ဂျစ်တယ် လှုပ်ရှားမှုများသည် မလေးရှားရှိ ဒေသခံများအတွင်း ကြောက်ရွံ့မှုနှင့် စွပ်စွဲချက်များ ပြန့်နှံ့စေရန် ဖန်တီးထားတာ ဖြစ်ပါတယ်။

ယခု မလေးရှားတွင် ဖြစ်ပေါ်နေသည့် သတင်းအချက်အလက် တိုက်ခိုက်မှု ပုံစံသည် ၂၀၂၃ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ အာချေး (Aceh) ဒေသတွင် ဖြစ်ပွားခဲ့သော အမုန်းစကား ဖြန့်ဝေမှုများနှင့် ပုံစံတူညီနေကြောင်း ဖော်ပြထားပါတယ်။ အဆိုပါ ကမ်ပိန်းများတွင် ရိုဟင်ဂျာများကို ကျေးဇူးကန်းသူများ၊ ဒေသခံတို့၏ အရင်းအမြစ်များကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေသူများအပြင် ဒေသခံများ၏ မြေယာများကို သိမ်းပိုက်မည့်သူများအဖြစ် သရုပ်ဖော် စွပ်စွဲထားကြပါတယ်။

ထို့ပြင် မလေးနှင့် မွတ်စလင် လူမျိုးရေးဆိုင်ရာ စိတ်ခံစားချက်များကို လှုံ့ဆော်ရန် ကြိုးပမ်းထားပြီး အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခရှိ နယ်မြေလုယူမှုများနှင့်ပင် နှိုင်းယှဉ်ဖော်ပြနေကြပါတယ်။ ပါလက်စတိုင်း သုတေသီ မူဟာမက် ရှီဟာဒါ (Muhammad Shehada) ကလည်း မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် ဆက်ဆံပုံနှင့် ပါလက်စတိုင်း ပြည်သူများအပေါ် ဆက်ဆံပုံတို့အကြား လူနည်းစုအဖြစ် သတ်မှတ်ဖယ်ကြဉ်ခြင်း၊ တရားမဝင် ရွှေ့ပြောင်းသူအဖြစ် သတ်မှတ်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် ဖိနှိပ်ခြင်း စသည့် တူညီမှုများ ရှိနေကြောင်း ထောက်ပြထားဖူးပါတယ်။

လုံခြုံရေး အခြေအနေများ စိုးရိမ်ရဆဲဖြစ်သည့် မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများအား ပြန်လည်နှင်ထုတ်ရန် ယခု အမုန်းစကား ကမ်ပိန်းများက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ AI နည်းပညာနှင့် ဘာဇာ (Buzzer) အကောင့်များဖြင့် အစုလိုက်အပြုံလိုက် ထုတ်လုပ်နေသည့် အဆိုပါ အကြောင်းအရာများသည် အများပြည်သူ၏ သဘောထားအစစ်အမှန်သဖွယ် ဖြစ်ပေါ်စေရန် ဖန်တီးနေကြောင်း ထောက်ပြထားပါတယ်။

Source – Suara.com