ဩဂုတ် ၁၃၊ ၂၀၂၆

The Kaladan Post

အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်ရှိ လူဝင်မှုနှင့် ကောက်ခံရေးအေဂျင်စီ (ICE) ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဂွာတီမာလာ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးသည် ကျန်းမာရေး ဖောက်ပြန်မှုဖြစ်ပွားပြီး ဆေးရုံတက်ရောက်ခဲ့ရပြီးနောက် သေဆုံးသွားခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၁၂ ရက်) တွင် သတင်းထုတ်ပြန်လိုက်ပါတယ်။

ဟိုဆေး ချာဂျွန်-ရက်ဆွန် (Jose Chajon-Raxon) သည် ဇူလိုင်လ ၁၈ ရက်တွင် နယူးဝပ် (Newark) မြို့ရှိ ဒဲလန်နီဟော (Delaney Hall) ထိန်းသိမ်းရေးစခန်း၌ ဖမ်းဆီးခံခဲ့ရပြီး နောက်တစ်နေ့တွင် ကျန်းမာရေး ဖောက်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ အိမ်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က ၎င်းသည် တက်ရောဂါကဲ့သို့ “ဝေဒနာ ခံစားခဲ့ရသည်ကို သူနာပြုတစ်ဦးက တွေ့ရှိခဲ့သဖြင့်” ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ဇူလိုင်လ ၂၂ ရက်တွင် “ICE ၏ ထိန်းသိမ်းမှုမှ ကင်းလွတ်ခဲ့သည်” ဟု ထုတ်ပြန်ထားပါတယ်။

ထိန်းသိမ်းစခန်းမှ လွတ်မြောက်ပြီး သီတင်းပတ်အနည်းငယ်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သဖြင့် ICE တွင် တာဝန်မရှိဟု DHS က ဆိုပါတယ်။ သို့သော် ဒီမိုကရက်တစ် လွှတ်တော်အမတ် ရော့ဘ် မီနန်ဒက်ဇ် (Rob Menendez) ကမူ ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ ရှေ့နောက်မညီသည့် သတင်းအချက်အလက်များ ရရှိထားသည်ဟု ပြောကြားခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် တာဝန်စတင်ယူချိန်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ICE ၏ ထိန်းသိမ်းမှုအောက်တွင် ပြည်သူ ၅၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ လူ့အခွင့်အရေး အဖွဲ့အစည်းများကလည်း ICE ထိန်းသိမ်းရေးစခန်းများ၏ ဆေးဝါးစောင့်ရှောက်မှုနှင့် နေထိုင်ရေး အခြေအနေများအပေါ် စိုးရိမ်မှုများ ဆက်တိုက် ထုတ်ဖော်နေကြပါတယ်။

Source – Reuters