ဩဂုတ် ၁၃၊ ၂၀၂၆
The Kaladan Post
တရုတ်၏ ရေကြောင်းဆိုင်ရာ ဖိအားပေးမှုများ မြင့်တက်လာချိန်တွင် ထိုင်ဝမ် တပ်မတော်သည် ပိတ်ဆို့ခံရမှုကို တုံ့ပြန်သည့် စစ်ရေးလေ့ကျင့်မှုအဖြစ် ကုန်တင်သင်္ဘောအား လိုက်ပါစောင့်ရှောက်သည့် စမ်းသပ်မှုကို ရေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များ ပူးပေါင်း၍ ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့ (ဩဂုတ်လ ၁၃ ရက်) တွင် ထုတ်ပြန်လိုက်ပါတယ်။
၁၀ ရက်ကြာ ပြုလုပ်သည့် ဟန်ကွမ် (Han Kuang) စစ်ရေးလေ့ကျင့်မှုအတွင်း ဗုဒ္ဓဟူးနေ့က အရှေ့ဘက် ကမ်းလွန်ရေပြင်၌ ပြုလုပ်ခဲ့သည့် ယခု လေ့ကျင့်မှုသည် ရေတပ်နှင့် ကမ်းခြေစောင့်တပ်တို့ ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ လေ့ကျင့်မှုအတွင်း မိုင်းရှင်းသင်္ဘောက ဘေးကင်းသည့် ရေလမ်းကြောင်းကို ရှင်းလင်းပေးပြီး ကုန်တင်သင်္ဘောအား ဆိပ်ကမ်းသို့ လမ်းပြပို့ဆောင်ခဲ့ပါတယ်။
ထို့အပြင် မြို့တော် တိုင်ပေသို့ ဦးတည်သည့် တံတားများပေါ်တွင် သံဆူးကြိုးများ၊ သံအတားအဆီးများနှင့် ကွန်ကရစ် အတားအဆီးများ တည်ဆောက်၍ ကာကွယ်ရေး စမ်းသပ်မှုများကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး သုတေသနအဖွဲ့မှ သုတေသီ ထရျဲ့ချုန်း (Chieh Chung) က “လိုအပ်ရင် စစ်တပ်ရဲ့ အစီအစဉ်တွေထဲမှာ ဒီတံတားတွေကို ဖြိုခွဲတာတွေ ပါဝင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ဒါမှ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အနေနဲ့ မြစ်ကို အမြန် မဖြတ်နိုင်ဘဲ ရှေ့ဆက်တက်လို့ မရအောင် တားဆီးနိုင်မှာပါ” ဟု ပြောကြားခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုအတွင်း ထိုင်ဝမ်သမ္မတ လိုင်ချင်းတဲ (Lai Ching-te) သည် အရေးပေါ် ဆေးကုသဆောင်အဖြစ် ပြောင်းလဲထားသည့် မြေအောက် ကားရပ်နားစခန်းသို့ အမေရိကန်၊ အစ္စရေးနှင့် ကနေဒါ သံအမတ်များ အပါအဝင် ပြည်ပ သံတမန်များနှင့်အတူ သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။
Source – Reuters