စက်တင် ၉၊ ၂၀၂၆
The Kaladan Post
မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်များကို စစ်သင်တန်းပေးခဲ့သည်ဟုဆိုကာ ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသားတစ်ဦးနှင့် ယူကရိန်းနိုင်ငံသား ၆ ဦးအပေါ် စွဲဆိုထားသော အကြမ်းဖက်မှု တန်ပြန်ရေး ဥပဒေ (UAPA) ပုဒ်မများကို အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA) က ရုပ်သိမ်းလိုက်ပါတယ်။
ဒေလီမြို့ရှိ အထူး NIA တရားရုံးတွင် တင်သွင်းခဲ့သည့် စွဲချက်တင်လွှာ၌ ၂၀၂၅ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသားများ အက်ဥပဒေ ပုဒ်မ ၂၁ နှင့် ၂၃ တို့ဖြင့်သာ အမှုဖွင့်ထားကြောင်း ဖော်ပြထားပါတယ်။ အထူး အစိုးရရှေ့နေ ရာဟူးလ် တီရာဂီ (Rahul Tyagi) က UAPA ဥပဒေအရ စုံစမ်းစစ်ဆေးမှုများကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ပြီး နောက်ထပ် အထောက်အထား တွေ့ရှိပါက ထပ်တိုး စွဲချက်တင်နိုင်ကြောင်း တရားရုံးသို့ တင်ပြခဲ့ပါတယ်။
ဖမ်းဆီးခံရသူများမှာ အမေရိကန်နိုင်ငံသား မက်သရူး အာရွန် ဗန်ဒိုက်ခ် (Matthew Aaron VanDyke) နှင့် ယူကရိန်းနိုင်ငံသား ၆ ဦးတို့ ဖြစ်ကြပါတယ်။ ဗန်ဒိုက်ခ် ကို ပြီးခဲ့သည့် မတ်လအတွင်း ကာလကတ္တား လေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ယူကရိန်းနိုင်ငံသားများကိုမူ ဒေလီနှင့် လပ်ခ်နောင် လေဆိပ်များတွင် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
၎င်းတို့ ၇ ဦးသည် မီဇိုရမ် ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်များအား ဒရုန်း စစ်ဆင်ရေး၊ တပ်ဆင်မှုနှင့် လှိုင်းနှောင့်ယှက်သည့် နည်းပညာ သင်တန်းများ ပေးခဲ့သည်ဟု NIA က စွပ်စွဲခဲ့ပါတယ်။ ထို့အပြင် မြန်မာနိုင်ငံတွင် ခရီးသည်တင် လေယာဉ်တစ်စင်းကို ပစ်မှတ်ထားရန် ပြင်ဆင်မှုများ ရှိခဲ့သည်ဟုလည်း စုံစမ်းစစ်ဆေးမှုအတွင်း စွပ်စွဲထားပါတယ်။
ဗန်ဒိုက်ခ် ၏ ရှေ့နေ ရိုဟစ် ဒါန်ဒရီယယ်လ် (Rohit Dandriyal) က “NIA ဟာ ကျွန်တော့် အမှုသည်ကို အိန္ဒိယ အမျိုးသား လုံခြုံရေးကို ထိခိုက်စေတဲ့ ပူးပေါင်းကြံစည်မှုနဲ့ စွပ်စွဲခဲ့ပြီး ၆ လအကြာမှာတော့ UAPA အရ စွဲချက်တင်ဖို့ သက်သေမတွေ့ရဘူးလို့ စွဲချက်တင်လွှာ တင်သွင်းခဲ့ပါတယ်” ဟု ဝေဖန်ခဲ့ပါတယ်။ ဗန်ဒိုက်ခ် ၏ မိခင်ဖြစ်သူကလည်း သားဖြစ်သူမှာ အပြစ်မရှိကြောင်းနှင့် ဘေးကင်းစွာ ပြန်လည်လွတ်မြောက်ရေး သံတမန်ရေးအရ ကူညီပေးရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရထံ မေတ္တာရပ်ခံထားပါတယ်။
Source – ThePrint