စက်တင် ၉၊ ၂၀၂၆

The Kaladan Post

ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်များက ဆော်ဒီအာရေးဗီးယား စွမ်းအင် အဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာလ ၈ ရက် အင်္ဂါနေ့တွင် ကမ္ဘာ့ရေနံစိမ်း စျေးနှုန်းများသည် ၆ ပတ်အတွင်း အမြင့်ဆုံး စံချိန်သို့ ရောက်ရှိခဲ့ပါတယ်။

ဘရန့် (Brent) ရေနံစိမ်း စျေးနှုန်းသည် ၀.၉ ရာခိုင်နှုန်း (၉၂ ဆင့်) မြင့်တက်ကာ တစ်ဘီပါလျှင် ၉၇.၉၂ ဒေါ်လာ ဖြစ်လာခဲ့ပြီး အမေရိကန် WTI ရေနံစိမ်း စျေးနှုန်းမှာလည်း ၁.၇ ရာခိုင်နှုန်း (၁.၅၅ ဒေါ်လာ) မြင့်တက်ကာ တစ်ဘီပါလျှင် ၉၃.၀၃ ဒေါ်လာသို့ ရောက်ရှိခဲ့ပါတယ်။ ဟူသီတို့သည် ဆော်ဒီတောင်ပိုင်းရှိ မြို့ ၄ မြို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူ ၇၀ ကျော် ဒဏ်ရာရရှိကာ ရေနံ တပ်ဆင်ထုတ်လုပ်ရေး စခန်းများတွင် မီးလောင်ကျွမ်းခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုအပြီးတွင် ဆော်ဒီ တိုက်လေယာဉ်များက ယီမင်မြို့တော် ဆာနား အရှေ့ဘက်ရှိ ဂျူဘာ (Jubah) ခရိုင်နှင့် အနောက်တောင်ပိုင်း တာအိဇ် (Taiz) ပြည်နယ်တို့ကို လေကြောင်းမှ ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ Kpler ဒေတာများအရ တနင်္လာနေ့တွင် ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာသည့် ကုန်စည်တင် သင်္ဘော ၇ စီးသာ ရှိခဲ့ပြီး ကမ္ဘာ့ရေနံ ထောက်ပံ့မှု ပြတ်တောက်မှုများသည် ၂၀၂၇ ခုနှစ်အထိ ဆက်လက် ဖြစ်ပေါ်နိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းနေကြပါတယ်။

လောင်စာဆီ စျေးနှုန်းများ မြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် အမေရိကန် ဗဟိုဘဏ် (Fed) အနေဖြင့် လာမည့် စက်တင်ဘာ ၁၅-၁၆ အစည်းအဝေးတွင် အတိုးနှုန်း ထပ်မံမြှင့်တင်ရန် အလားအလာ ၆၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားကြီး တရုတ်နိုင်ငံ၏ ဩဂုတ်လ ရေနံစိမ်း တင်သွင်းမှုမှာမူ ဇူလိုင်လထက် တိုးတက်လာသော်လည်း ယမန်နှစ် အလားတူ ကာလထက် ၂၃.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နှင့် ဖုန်းဖြင့် ဆွေးနွေးစဉ် ယူကရိန်းစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်လိုကြောင်း ပြောကြားခဲ့ရာ ပူတင်က ထောက်ခံခဲ့သည်ဟု ကရင်မလင်က ထုတ်ပြန်ခဲ့ပါတယ်။ အကယ်၍ ရုရှား-ယူကရိန်း စစ်ပွဲ အဆုံးသတ်ပါက ကမ္ဘာ့တတိယ အကြီးဆုံး ရေနံထုတ်လုပ်သည့် ရုရှားနိုင်ငံမှ စွမ်းအင်များ ပိုမို တင်ပို့နိုင်မည် ဖြစ်သဖြင့် ရေနံစိမ်း စျေးနှုန်း အတက်ကို အနည်းငယ် ပြန်လည် ထိန်းပေးခဲ့ပါတယ်။

Source – Reuters