စက်တင် ၉၊ ၂၀၂၆
The Kaladan Post
မလေးရှားနိုင်ငံ ကွာလာပါလစ် (Kuala Perlis) ကမ်းလွန်တွင် သစ်သားစက်လှေဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၈ ဦးကို မလေးရှား မာရီတိုင်း အာဏာပိုင်အဖွဲ့ (MMEA) က စက်တင်ဘာလ ၇ ရက် တနင်္လာနေ့တွင် ကြားဖြတ် ဖမ်းဆီးလိုက်ပါတယ်။
အဆိုပါ စက်လှေကို ကွာလာပါလစ် ကမ်းခြေ အနောက်ဘက် ဝ.၁ ရေမိုင်အကွာတွင် Ops Aman နှင့် Ops Tiris စစ်ဆင်ရေးအရ ပုံမှန် ကင်းလှည့်နေစဉ် ကြားဖြတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။ ကဒါနှင့် ပါလစ် ပြည်နယ်ဆိုင်ရာ MMEA ညွှန်ကြားရေးမှူး ကွပ်ကဲရေးမှူး နက်ရွန်စီပရွန် (Nak Rong Si Prom) က “အိမ်နီးချင်း နယ်စပ်ဘက်ကနေ ကွာလာပါလစ်ဆီ ဦးတည်လာတဲ့ မသင်္ကာဖွယ် လှေတစ်စင်းနဲ့ ပတ်သက်ပြီး သတင်းရရှိတာကြောင့် ကျွန်တော်တို့ ကင်းလှည့်အဖွဲ့က ကြားဖြတ်တားဆီးဖို့ ဆောင်ရွက်ခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
အာဏာပိုင်အဖွဲ့ကို မြင်တွေ့ရချိန်တွင် လှေမှာ ကမ်းခြေဘက်သို့ အရှိန်မြှင့် မောင်းနှင်ပြေးခဲ့ပြီး လှေမောင်းသမားနှင့် အဖွဲ့သားဟု ယူဆရသူ အမျိုးသား ၂ ဦးမှာ ရွှံ့နွံတောအတွင်း ခုန်ဆင်းကာ အနီးရှိ လမုတောအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဆက်လက် စစ်ဆေးရာတွင် လှေပေါ်၌ တရားဝင် ခရီးသွားစာရွက်စာတမ်း မရှိသည့် အရွယ်ရောက်ပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးနှင့် ယောက်ျားလေး ကလေးငယ် ၁ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၈ ဦးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သိမ်းဆည်းရမိသည့် လှေနှင့် ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးမှာ ရင်းဂစ် ၁၇,၀၀၀ ကျော်ရှိပြီး ၎င်းတို့ကို နောက်ဆက်တွဲ အရေးယူနိုင်ရန် ကွာလာပါလစ် မာရီတိုင်း ဇုန် ဌာနချုပ်သို့ ပို့ဆောင်ထားပါတယ်။ ယခု ဖြစ်စဉ်ကို ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)(ဂ) နှင့် ပုဒ်မ ၅(၂) တို့အရ တရားဝင် ခွင့်ပြုချက်မရှိဘဲ ခွင့်မပြုသည့် ဝင်ပေါက်မှတစ်ဆင့် ဝင်ရောက်မှုဖြင့် စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။
Source – The Star