ဩဂုတ် ၁၂၊ ၂၀၂၆
The Kaladan Post
ပြီးခဲ့သည့်လက တူရကီနိုင်ငံတွင် အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ (Secret Service) ၏ ညွှန်ကြားချက်အတိုင်း လေယာဉ်ကို လျှို့ဝှက်ပြောင်းစီးခဲ့ခြင်းဖြစ်ပြီး မိမိစီးနင်းခဲ့သည့် လေယာဉ်မှာ ပိုမို အန္တရာယ်ကြီးမားခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၁၂ ရက်) တွင် ပြောကြားလိုက်ပါတယ်။
အန်ကာရာမြို့တွင် ကျင်းပသည့် နာတိုထိပ်သီးအစည်းအဝေးအပြီး၌ အီရန်၏ လုပ်ကြံမည့် ခြိမ်းခြောက်မှုကြောင့် သမ္မတ ထရမ့်သည် Air Force One လေယာဉ်ပေါ်မှ စစ်ဘက်ဆိုင်ရာ လေယာဉ်ပေါ်သို့ အစားအသောက်တင် သယ်ယူပို့ဆောင်ရေး ကားတစ်စီးဖြင့် လျှို့ဝှက် ပြောင်းစီးခဲ့ရခြင်း ဖြစ်ပါတယ်။ အိမ်ဖြူတော်က ယင်းအပြောင်းအလဲကို ထုတ်ဖော်ခဲ့ခြင်းမရှိဘဲ Washington Post သတင်းစာက စတင်ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။
သမ္မတ ထရမ့်က “ကျွန်တော် စီးခဲ့တဲ့ လေယာဉ်ဟာ ပိုပြီး အန္တရာယ်ကြီးမားခဲ့တယ်လို့ ထင်ပါတယ်။ သူတို့ တိုက်ခိုက်ဖို့ ပိုများနိုင်တဲ့ လေယာဉ်ဟာ အဲဒီလေယာဉ်ပဲ ဖြစ်လိမ့်မယ်လို့ ထင်လို့ပါပဲ” ဟု သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက “ဒါဟာ Secret Service ရဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ သူတို့ လုပ်ချင်တာကိုပဲ လိုက်လုပ်တာပါ။ အဲဒီမှာ ခြိမ်းခြောက်မှုတစ်ရပ် ရှိခဲ့တယ်လို့ ထင်ပါတယ်၊ ကျွန်တော်လည်း သေချာ မမေးဖြစ်ပါဘူး။ ကျွန်တော်ကတော့ ခြိမ်းခြောက်မှုတွေ အများကြီး ကြုံတွေ့နေရတာပါ” ဟု ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။
Source – Reuters