ဇွန် ၁၇၊ ၂၀၂၆
The Kaladan Post
အိန္ဒိယနိုင်ငံမှာ အမျိုးသားအဆင့် ဆေးကျောင်းဝင်ခွင့်စာမေးပွဲ (NEET) နဲ့ ပတ်သက်ပြီး လိမ်လည်မှုတွေ ပြုလုပ်ဖို့ Telegram အက်ပ်ကို အသုံးပြုနေတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အဆိုပါ မက်ဆေ့ဂျ်အက်ပ်ကို ယာယီပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
အိန္ဒိယပညာရေးဝန်ကြီးဌာန လက်အောက်ခံ National Testing Agency (NTA) က ဇွန်လ ၁၆ ရက် (အင်္ဂါနေ့) မှာ အခုလို ထုတ်ပြန်လိုက်တာပါ။ လာမယ့် ဇွန်လ ၂၁ ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် NEET 2026 စာမေးပွဲမှာ မသမာမှုတွေ မဖြစ်ပေါ်စေဖို့အတွက် အခုလို ကြိုတင်တားဆီးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပိတ်ပင်မှုဟာ ဇွန်လ ၂၂ ရက်နေ့အထိ အာဏာတည်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း NEET ဆေးကျောင်းဝင်ခွင့်စာမေးပွဲ မေးခွန်းတွေ ပေါက်ကြားခဲ့တာကြောင့် ကျောင်းသားပေါင်း ၂.၃ သန်းရဲ့ စာမေးပွဲရလဒ်တွေကို အစိုးရက ပယ်ဖျက်ခဲ့ရပါသေးတယ်။ အဲဒီအချိန်တုန်းကလည်း Telegram ချန်နယ်တချို့ကနေတစ်ဆင့် မေးခွန်းတွေကို ရောင်းချဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်တယ်လို့ အစိုးရဘက်က ပြောကြားထားပါတယ်။
ဒီစာမေးပွဲမေးခွန်း ပေါက်ကြားမှုကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ကျောင်းသားတွေနဲ့ မိဘတွေက ပြင်းပြင်းထန်ထန် ဆန္ဒပြခဲ့ကြပါတယ်။ အထူးသဖြင့် Cockroach Janta Party လိုမျိုး အဖွဲ့အစည်းတွေကပါ လမ်းပေါ်ထွက်ပြီး ပညာရေးဝန်ကြီးကို ရာထူးကနေ နုတ်ထွက်ပေးဖို့အထိ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ Google နဲ့ Apple တို့ကလည်း အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း Telegram ကို ယာယီပိတ်ပင်ဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါပေမဲ့ Telegram တည်ထောင်သူကတော့ အခုလို ပိတ်ပင်လိုက်တာဟာ အိန္ဒိယက သာမန် Telegram အသုံးပြုသူတွေကို အပြစ်ပေးသလို ဖြစ်နေတယ်လို့ ပြန်လည်ဝေဖန်ထားပါတယ်။
အခုတစ်ကြိမ် Telegram ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယာယီပိတ်ပင်လိုက်တာဟာ အိန္ဒိယနိုင်ငံမှာတော့ ပထမဆုံးအကြိမ် ဖြစ်ပေါ်လာတဲ့ ထူးခြားတဲ့ အရေးယူဆောင်ရွက်မှုတစ်ခု ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
Source: Reuters (Munsif Vengattil and Aftab Ahmed)