စက်တင် ၁၉၊ ၂၀၂၆

The Kaladan Post

ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ၂၀၂၆ အာရှ အားကစားပြိုင်ပွဲ စတင်ဖွင့်လှစ်ချိန်တွင် တိုင်ဖွန်းမုန်တိုင်း ဒူဂျွမ် (Dujuan) ဝင်ရောက်လာနိုင်သည့်အတွက် ပြိုင်ပွဲအစီအစဉ်အချို့ နှောင့်နှေးရွှေ့ဆိုင်းရနိုင်ကြောင်း ပွဲစီစဉ်သူများက စက်တင်ဘာလ ၁၉ ရက် စနေနေ့တွင် သတိပေးလိုက်ပါတယ်။

ဂျပန် အိုလံပစ်ကော်မတီ (JOC) အမှုဆောင်ဘုတ်အဖွဲ့ဝင် ကိုဆေ အီနိုအေး (Kosei Inoue) က မိုးသည်းထန်စွာ ရွာသွန်းပြီး ရာသီဥတု ဆိုးရွားမှုကြောင့် အချို့သော ပြိုင်ပွဲများမှာ နှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းက “စက်တင်ဘာ ၂၁ ရက်မှာ တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာနိုင်တဲ့ အလားအလာလည်း ရှိနေပါတယ်” ဟု သတင်းထောက်များကို ပြောဆိုခဲ့ပါတယ်။

ဂျပန် မိုးလေဝသ အေဂျင်စီ၏ ထုတ်ပြန်ချက်အရ အမှတ် ၂၅ တိုင်ဖွန်းမုန်တိုင်း ဒူဂျွမ်သည် စက်တင်ဘာလ ၂၀ နှင့် ၂၁ ရက်တို့တွင် ဂျပန်နိုင်ငံ အရှေ့ပိုင်း ပစိဖိတ် ကမ်းရိုးတန်းဘက်သို့ ချဉ်းကပ်လာနိုင်ပါတယ်။ မုန်တိုင်းကြောင့် ကန်တို (Kanto) ဒေသနှင့် အီဇု (Izu) ကျွန်းစုများတွင် စက်တင်ဘာ ၂၁ ရက် မွန်းတည့်ချိန်အထိ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀၀ မီလီမီတာအထိ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် အထူးသဖြင့် ပြင်ပအားကစား ပြိုင်ပွဲများ ထိခိုက်နိုင်ပြီး စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပမည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် အမျိုးသမီး ခရစ်ကတ် ဆီမီးဖိုင်နယ် ပွဲစဉ် အပါအဝင် တင်းနစ်၊ ဝူရှူး၊ ပစ်ခတ်မှုနှင့် ရေကူး ပြိုင်ပွဲများ ရာသီဥတုဒဏ် ကြုံတွေ့ရနိုင်ပါတယ်။ ကွင်းအတွင်း ရေဝပ်ခြင်းနှင့် မိုးသည်းထန်ခြင်းတို့ကြောင့် ခရစ်ကတ်ပွဲစဉ်များ ရွှေ့ဆိုင်းခြင်း သို့မဟုတ် ပွဲဖျက်သိမ်းခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ အာရှအားကစားပြိုင်ပွဲ အစီအစဉ်တစ်ခုလုံးအပေါ် ကြီးမားသည့် ထိခိုက်မှု မရှိသေးသော်လည်း မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြီးခြင်းတို့ ဖြစ်ပေါ်လာနိုင်သဖြင့် ပွဲစီစဉ်သူများနှင့် ပါဝင်ယှဉ်ပြိုင်သည့် အသင်းများက ရာသီဥတု အခြေအနေကို စောင့်ကြည့်လျက် ရှိပါတယ်။

Source – Daijiworld Media Network