ဇူလိုင် ၈၊ ၂၀၂၆

The Kaladan Post

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က ဗင်နီဇွဲလားနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူအရေအတွက်ဟာ ၃,၆၈၅ ဦးအထိ မြင့်တက်လာပြီး လူပေါင်း ၁၈,၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်နေရပါတယ်။ ငလျင်လှုပ်ခတ်ပြီး နှစ်ပတ်နီးပါး ကြာမြင့်လာပေမဲ့ အစိုးရရဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဟာ နှေးကွေးပြီး ထိရောက်မှုမရှိဘူးလို့ ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။ ကတ်တီယာလာမာ (Catia la Mar) မြို့က လာအက်စပရန်ဇာ သင်္ချိုင်းမှာဆိုရင် အစိုးရဝန်ထမ်းတွေအစား ဒေသခံစေတနာ့ဝန်ထမ်းတွေကပဲ သေဆုံးသူတွေအတွက် ကျင်းတူးတာ၊ ခေါင်းတိုက်တာနဲ့ မိသားစုဝင်တွေကို ကူညီရှာဖွေပေးတာတွေကို လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။

ဒေသခံကောင်စီဥက္ကဋ္ဌ Elis Zabala က “ကျွန်မတို့ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး လုပ်ဆောင်ပေးနေပေမဲ့ အခုတော့ တော်တော်လေးကို ပင်ပန်းနွမ်းနယ်နေပါပြီ။ ကျွန်မတို့ လူမှုအသိုင်းအဝိုင်းအတွက် လောင်စာဆီ၊ ဆေးဝါး၊ ရေနဲ့ အစားအသောက်တွေ အရေးပေါ် လိုအပ်နေပါတယ်” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အဆိုပါသင်္ချိုင်းမှာ သေဆုံးသူ ၃၁၄ ဦးကို သင်္ဂြိုဟ်ပေးခဲ့ရပြီး အဲဒီထဲက ၁၀၀ လောက်ဟာ ဘယ်သူဘယ်ဝါမှန်း မသိရသေးတဲ့အတွက် အလောင်းပြင်ရုံက မှတ်တမ်းနံပါတ်တွေနဲ့ပဲ မြှုပ်နှံထားရတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း ကြားဖြတ်သမ္မတ ဒဲလ်ဆီရော်ဒရီဂွက်ဇ် (Delcy Rodriguez) ကတော့ အစိုးရရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခုခံကာကွယ်ပြောဆိုထားပြီး ဒါဟာ အစိုးရရဲ့ ပုံရိပ်ကိုဖျက်ဆီးဖို့ ကြံစည်နေတဲ့ မီဒီယာတွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ အထောက်အထားမရှိဘဲ စွပ်စွဲထားပါတယ်။

ဒီအတောအတွင်း အမေရိကန်အစိုးရက ဗင်နီဇွဲလားအတွက် ငလျင်ဘေးအကူအညီ ဒေါ်လာ ၃၁၀ သန်းကျော် ပေးအပ်ထားပြီး ဖြစ်ပါတယ်။ ကာရာကတ်စ်မြို့ရှိ အမေရိကန် သံအရာရှိ John Barrett က “ကြားဖြတ်အစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တောင်းဆိုချက်တွေကို အပြည့်အဝ လိုက်နာဆောင်ရွက်ပေးနေပါတယ်” လို့ ဆိုကာ အစိုးရအပေါ် ဝေဖန်မှုတွေကို တိုက်ရိုက်မဖြေကြားဘဲ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကတော့ လက်ရှိပေးအပ်နေတဲ့ အကူအညီတွေဟာ ပြည်သူတွေရဲ့ တကယ့်လိုအပ်ချက်နဲ့ ယှဉ်ရင် အလွန်နည်းပါးနေသေးတယ်လို့ ထောက်ပြထားကြပါတယ်။

ငလျင်ဒဏ် အပြင်းထန်ဆုံးခံရတဲ့ လာဂွိုင်ရာ (La Guaira) ပြည်နယ်မှာဆိုရင် အရပ်သားတွေကပဲ ဦးဆောင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြရသလို ကမ္ဘာအနှံ့က လာရောက်တဲ့ ကျွမ်းကျင်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မီးသတ်သမားတွေကလည်း ကူညီပေးနေပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေဟာ ယာယီအလောင်းပြင်ရုံတွေမှာ ဓာတ်ပုံတွေကိုကြည့်ပြီး သူတို့ရဲ့ ဆွေမျိုးတွေကို ရှာဖွေနေကြရပါတယ်။ အလောင်းတွေကို ခွဲခြားအတည်ပြုနိုင်ဖို့အတွက် လက်ဗွေရာတွေ၊ သွားဘက်ဆိုင်ရာ မှတ်တမ်းတွေနဲ့ လိုအပ်ရင် DNA စစ်ဆေးမှုတွေကိုပါ လုပ်ဆောင်နေရတယ်လို့ မှုခင်းဆေးပညာရှင်တွေဆီက သိရပါတယ်။ လက်ရှိမှာတော့ သင်္ချိုင်းအတွင်းကို သတင်းထောက်တွေ ဝင်ရောက်သတင်းယူခွင့်ကို ရဲတပ်ဖွဲ့က တားမြစ်ထားဆဲ ဖြစ်ပါတယ်။

သတင်း Source: Reuters