ညောင်ကျိုးရိုး တိုက်ပွဲတွင် ဗိုလ်မှူး ဝေကမ္ဘာစိုး သေဆုံး စစ်တပ်ထောက်ပို့စခန်းတစ်ခု AA သိမ်းပိုက်

စက်တင် ၁၉
The Kaladan Post
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးနဲ့ ပွိုင့် ၆၆၆ အနီးမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာလအတွင်း စစ်ရေးတင်းမာမှု ပိုမိုမြင့်တက်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်ဝန်းကျင် ညောင်ကျိုးရိုးပေါ် တိုက်ပွဲအတွင်း ခလရ ၉၂ မှ ဗိုလ်မှူး ဝေကမ္ဘာစိုး လက်နက်ကြီးထိမှန် သေဆုံးကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်ရဲ့ စစ်ရေးသုံးသပ်ချက်မှာတော့ ဗိုလ်မှူး ဝေကမ္ဘာစိုးဟာ စစ်တက္ကသိုလ် အပတ်စဉ် ၅၂ ကျောင်းဆင်းဖြစ်ပြီး အာဏာသိမ်းကာလအတွင်း တပ်ချုပ်ရဲ့ ချီးကျူးဂုဏ်ပြုလက်မှတ် ရရှိဖူးသူလို့ ဆိုပါတယ်။ ဒါ့အပြင် ပွိုင့် ၆၆၆ ကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်း အထိနာပြီး ပြန်ဆုတ်ချိန်မှာ လမ်းတစ်နေရာရှိ စစ်ကောင်စီထောက်ပို့စခန်းကုန်းတစ်ခုကို AA ပူးပေါင်းတပ်က ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကြောင်းဟာ စစ်တပ်လော်ဘီတွေက ၄၉၂၆ ဟု အမည်ပေးထားပြီး စက်တင်ဘာ ၄ ရက်က စစ်ဆင်ရေးနဲ့အတူ အင်အား ၂၀၀ ကျော်နဲ့ ပွိုင့် ၆၆၆ စခန်းကို ထိုးစစ်ဆင်လာတာဖြစ်ပြီး တိုက်ပွဲတွေ ရက်ဆက်ဖြစ်ခဲ့ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိ ပန်းတောင်းမြို့နယ်မှာ မြေပြင် ထိတွေ့တိုက်ပွဲတွေအပြင် လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလည်း အင်အားဖြည့်တင်းပြီး ပြန်လည်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
#thekaladanpost #ပန်းတောင်းမြို့နယ် #ညောင်ကျိုး #ပွိုင့်၆၆၆ #AA #ပဲခူးတိုင်း

စစ်ကား ၁၇၀ ထက်မနည်း လောင်းရှည်ဘက် ရွေ့လျားနေပြီး ဒေသခံများ သတိထားနေတိုင်ကြရန် တိုက်တွန်း

စက်တင် ၁၉
The Kaladan Post
မကွေးတိုင်းအတွင်း မကွေးမြို့ကနေ ထွက်ခွာလာတဲ့ စစ်ယာဉ်တန်းဟာ ဒီကနေ့ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ မင်းဘူးမြို့ကနေ ဆက်လက်ထွက်ခွာပြီး စလင်းမြို့ဘက်ကို ဦးတည်မောင်းနှင်လာတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ အဆိုပါ စစ်ယာဉ်တန်းမှာ ကားအစီးရေ ၁၇၀ ထက်မနည်း ပါဝင်ပြီး ရိက္ခာတင်ကားတွေ၊ လက်နက်ကြီးတင်ကားတွေ၊ ဒရုန်းဆိုင်ရာပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကားတွေနဲ့ စစ်ဘက်အရာရှိတွေ လိုက်ပါလာတဲ့ အိမ်စီးကားတွေလည်း ပါဝင်ကြောင်း သိရပါတယ်။
ယာဉ်တန်းမှာ စစ်ကောင်စီတပ်အင်အား ၁,၅၀၀ ခန့် ပါဝင်နိုင်ပြီး လောင်းရှည်ဘက်ကို ဦးတည်သွား နေကြောင်း သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။ လောင်းရှည်ကနေတဆင့် ချင်းပြည်နယ် တောင်ပိုင်းဘက်က ကျင်ဒွေး၊ ကန်ပက်လက်နဲ့ ဆောမြို့နယ်တွေကို စစ်ရေးအရ ဆက်လက်ရွေ့လျားနိုင် တယ်လို့ သတင်းရင်းမြစ်က သုံးသပ်ထားပါတယ်။
ဒီယာဉ်တန်းရဲ့ လမ်းကြောင်းနဲ့ ရည်ရွယ်ချက်ကို လက်ရှိအချိန်ထိ စစ်တပ်ဘက်က ထုတ်ပြန်ထားတာ မရှိသေးပေမယ့် လေကြောင်း၊ လက်နက်ကြီးနဲ့ မြေပြင်စစ်ကြောင်းအန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့ ဒေသခံတွေအနေဖြင့် သတိထားနေထိုင်ကြရန် ဒေသခံတစ်ဦးက တိုက်တွန်းထားပါတယ်။
#thekaladanpost #မကွေးတိုင်း #မင်းဘူး #စလင်း #လောင်းရှည် #စစ်ယာဉ်တန်း

စစ်တပ်ကကြဲချပြီး မပေါက်ကွဲတဲ့ ပေါင် ၅၀၀ ဗုံးဖြင့် စစ်ကောင်စီစစ်ကြောင်းကို ပြန်လည်တိုက်ခိုက်

စက်တင် ၁၉
The Kaladan Post
မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို သူ့တို့တပ်က ကြဲချထားပြီး မပေါက်ကွဲတဲ့ ဗုံးတစ်လုံးကို ပြန်လည်အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းက အသိပေးလာပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှု အများအပြားရှိနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့ဘက်က ပြောဆိုပေမယ့် အရေအတွက် ကိုတော့ တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဒီစစ်ဆင်ရေးကို အညာတမာ မဟာမိတ်အင်အားစုအဖြစ် မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် ပကဖ၊ မကွေးဖက်ဒရယ်ယူနစ်နဲ့ ပခုက္ကူခရိုင်အတွင်းက တပ်ရင်းတွေ အပါအဝင် အဖွဲ့အစည်းအများအပြားဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် BPLA၊ ABSDF၊ PLA တို့အပြင် ပေါက်၊ မြိုင်၊ ရေစကြို၊ ပခုက္ကူနဲ့ ပုလဲမြို့နယ်တွေက ပကဖအဖွဲ့တွေ၊ Myingyan Black Tiger နဲ့ ဒေသခံပြောက်ကျားအဖွဲ့တွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်မှုထမ်းဥပဒေအရ စုဆောင်းခံ ထားရတဲ့ လူငယ်တွေနဲ့ သူတို့ရဲ့ မိဘတွေကို နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ကာ အကူအညီရယူကြဖို့လည်း ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းက တိုက်တွန်းထားပါတယ်။
အလားတူ ပဲခူးတိုင်း၊ သဲကုန်းမြို့ကနေ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးထွက်လာတဲ့ စစ်တပ်ကို ပြည်ခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က စက်တင်ဘာ ၅ ရက် မနက်ပိုင်းမှာ လျော့တိုက်ဗုံးသီး တွေ အသုံးပြုပြီး ၂ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ပထမအကြိမ်တိုက်ခိုက်မှုကို မနက် ၉ နာရီ ၂၇ မိနစ်ဝန်းကျင်မှာ လျော့တိုက်ဗုံးသီး ၁ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရရှိသူကို ဆိုင်ကယ်နဲ့ သဲကုန်းမြို့ပေါ်ဘက် ပြန်လည်သယ်ဆောင်သွားပေမယ့် မြို့ပေါ်ရောက်ချိန်မှာ သေဆုံးသွားကြောင်း သိရပါတယ်။
ထို့အပြင် စက်တင်ဘာလ ၁၀ ရက်၊ ည ၁၀ နာရီခန့်တွင်လည်း အဆိုပါ စစ်ကောင်စီစစ်ကြောင်းကိုပင် လျော့တိုက်ဗုံးသီး ၁ လုံးဖြင့် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ကြပြီး ထိခိုက်မှု အခြေအနေကိုမူ မျက်မြင်အတည်မပြုနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ အဆိုပါ စီးကြိုတိုက်ခိုက်မှုတွေကို ပြည်ခရိုင် ပကဖနဲ့ ပြည်ခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
#thekaladanpost #ပေါက်မြို့နယ် #မြိုင်မြို့နယ် #ပခုက္ကူခရိုင် #အညာတမာ #ပဲခူးတိုင်း

ပါတီရဲ့ ဂုဏ်သိက္ခာနဲ့ အင်အားကို ထိခိုက်စေမယ့် လုပ်ရပ်တွေကို မလုပ်ကြဖို့ ဦးခင်ရီ သတိပေး

စက်တင် ၁၉
The Kaladan Post
နေပြည်တော်မှာ ယနေ့ စက်တင်ဘာ ၁၈ ရက်က စတင်ကျင်းပတဲ့ ကြံ့ဖွတ်ပါတီ (USDP) ဗဟိုကော်မတီအစည်းအဝေးနဲ့ လာမယ့် ပါတီညီလာခံတွေကို အစိုးရအဖွဲ့ဝင် ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ တက်ရောက်ခြင်းမပြုဖို့ သမ္မတရုံးဘက်က ညွှန်ကြားထားတယ်လို့ အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေကို ကိုးကားပြီး သတင်းထွက်ပေါ်ခဲ့ပါတယ်။ ပါတီဗဟိုကော်မတီဝင်ဖြစ်နေတဲ့ ဝန်ကြီးတချို့ကို ပါတီဘက်က ဖိတ်ကြားထားပေမယ့် အစည်းအဝေးနဲ့ ညီလာခံကို ရောက်လာတာ မတွေ့ရဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ယခုလို စစ်တပ်က ပါတီညီလာခံမတက်ရောက်ကြဖို့ ညွှန်ကြားမှုအပေါ် ပါတီထောက်ခံသည့် တချို့ပြည်သူတွေကို ပါတီရဲ့ ဂုဏ်သိက္ခာနဲ့ အင်အားကို ထိခိုက်စေမယ့် အပြုအမူတွေ မလုပ်ကြဖို့နဲ့ ပါတီအားနည်းသွားစေမယ့် အချက်တွေကို မတွေး၊ မပြော၊ မလုပ်မိအောင် ထိန်းသိမ်းကြဖို့ အစည်းအဝေးမှာ USDP ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားထားပါတယ်။ အဲဒီသတိပေးချက်ဟာ လက်ရှိပါတီခေါင်းဆောင်မှုနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပုံပြောင်းလဲနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်နဲ့ တိုက်ဆိုင်လာတာဖြစ်ပြီး ယခင်သတင်းတွေအရ အောင်လင်းဒွေး အပါအဝင် စစ်ဘက်နောက်ခံပုဂ္ဂိုလ်တချို့ နေရာရလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် ခင်ရီက လာမယ့် ၅ နှစ်တာကာလအတွက် ပါတီရဲ့ နိုင်ငံရေးအတွေ့အကြုံတွေကို ပြန်လည် သုံးသပ်ပြီး အောင်မြင်မှုတွေကို ဆက်တည်ဆောက်ကာ အားနည်းချက်တွေကို ဖော်ထုတ်ပြုပြင်ဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းပြောဆိုထားပါတယ်။ USDP ရဲ့ တရားဝင်သတင်းအချက်အလက်အရ ဗဟိုကော်မတီအစည်းအဝေးကို စက်တင်ဘာ ၁၈ ရက်မှာ ကျင်းပခဲ့ပြီး စတုတ္ထအကြိမ် ပါတီညီလာခံကို စက်တင်ဘာ ၁၉ နဲ့ ၂၀ ရက်တွေမှာ ဆက်လက်ကျင်းပဖို့ သတ်မှတ်ထားကြောင်း သိရပါတယ်။
#thekaladanpost #ကြံ့ဖွတ်ပါတီ #USDP #ခင်ရီ #အောင်လင်းဒွေး #မြန်မာ့နိုင်ငံရေး

မုဒုံနဲ့ တာချီလိတ်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးမှု ဆက်တိုက်ဖြစ်၊ ယာမား ၄၀၀ လုံးနဲ့ အိုက်စ် ၄၆ ကီလို ဖမ်းဆီး

စက်တင် ၁၉
The Kaladan Post
မွန်ပြည်သစ်ပါတီ (AD) / ရာမညမွန်တပ်တော် (RMA) မုဒုံမြို့နယ်တပ်ဖွဲ့က စက်တင်ဘာ ၁၇ ရက်က မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတစ်ဦးကို ယာမား ၄၀၀ လုံး၊ ဘိန်းစာရွက် ၂ အိတ်၊ လက်နက် ငယ်တစ်လက်နဲ့ ဆိုင်ကယ်တစ်စီးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA)က ထုတ်ပြန်ထားပါတယ်။
အလားတူ စက်တင်ဘာလ (၁) ရက်နေ့တွင် မုဒုံမြို့နယ်တွင် မြင်းဆေးအလုံး (၅၀) နှင့် ရောင်းဝယ်သူ (၃) ဦးနှင့် ဩဂုတ်လ (၂၇) ရက်နေ့တွင် မြင်းဆေး (၈၈) လုံးနှင့်အတူ ရောင်းဝယ်သူ (၂) ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ အဆိုပါ ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများမှ စစ်ဆေးမှုများ ပြုလုပ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မယ်လို့ အသိပေးထားပါတယ်။
ဒါ့ပြင် တာချီလိတ်မြို့မှာ စက်တင်ဘာ ၁၅ ရက်က ပူးပေါင်းအဖွဲ့က ယာဉ်တစ်စီးကို စစ်ဆေးရာ အိုက်စ် (မက်သ်အဖက်တမင်း) ၄၆ ကီလိုနဲ့ လက်ကိုင်ဖုန်းတွေ တွေ့ရှိသိမ်းဆည်းခဲ့ပြီး ဆက်စပ်သူ ၂ ဦးကို လည်း ထပ်မံဖမ်းဆီးခဲ့တယ်လို့ စစ်တပ်၏ CCDAC Myanmar က ဖော်ပြထားပါတယ်။ အဲဒီဖမ်းဆီးမှု ရဲ့ နောက်ဆက်တွဲအနေနဲ့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုနဲ့ ပူးပေါင်းပါဝင်တယ်လို့ဆိုသူတွေ ထဲက စိုင်းခေးလှိုင်း၊ စိုင်းပုံ၊ စိုင်းဝင်းနဲ့ စိုင်းစံဟောင်တို့ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်မှာ မျိုးမင်းနောင်ဆိုသူထံက စိတ်ကြွဆေးပြား ၆,၀၀၀ ကို စက်တင်ဘာ ၁၆ ရက်က ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူအားလုံးကို သက်ဆိုင်ရာ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေတွေနဲ့ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ CCDAC Myanmar က ပြောထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံကို ၂၀၂၇ ဘဏ္ဍာနှစ်အတွက် အဓိကမူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ ဒါမှမဟုတ် ဖြတ်သန်းသယ်ဆောင်တဲ့ နိုင်ငံအဖြစ် စက်တင်ဘာ ၁၅ ရက်မှာ ကွန်ဂရက်ထံ တင်ပြခဲ့ပြီး စက်တင်ဘာ ၁၆ ရက်မှာ အမေရိကန်အစိုးရသမ္မတ ဒေါ်နယ်ထရမ့်က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီနှစ် သတ်မှတ်ထားတဲ့ နိုင်ငံ ၂၃ နိုင်ငံထဲမှာ မြန်မာနိုင်ငံအပြင် အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ တရုတ်၊ ကိုလံဘီယာ၊ အိန္ဒိယ၊ လာအို၊ မက္ကဆီကို၊ ပါကစ္စတန်၊ ပီရူးနဲ့ ဗင်နီဇွဲလားတို့လည်း ပါဝင်ပါတယ်။
အမေရိကန်အစိုးရရဲ့ သတ်မှတ်ချက်အရ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူညီချက်တွေကို လိုက်နာဖို့နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အားထုတ်မှုတွေမှာ “ထင်ရှားစွာ ပျက်ကွက်” ခဲ့တဲ့ နိုင်ငံ ၄ နိုင်ငံထဲမှာလည်း ပါဝင်ပါတယ်။
#thekaladanpost #မုဒုံ #တာချီလိတ် #မူးယစ်ဆေးဝါး #ယာမား #အိုက်စ်

ပခုက္ကူမှာ စစ်တပ်၏ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုကြောင့် အရပ်သား ထောင်ချီ စစ်ဘေးရှောင်

စက်တင် ၁၉
The Kaladan Post
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ရေနံချပ်ကျေးရွာကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းနဲ့လည်း ကျေးရွာတွေကို ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၃၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီတပ်က ရေနံချပ်ရွာကို တိုက်ခိုက်ရာမှာ ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာ၊ ဂျက်ဖိုက်တာနဲ့ Mi-35 ရဟတ်ယာဉ်တွေ အသုံးပြုခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် ယမန်နေ့ စက်တင်ဘာ ၁၈ ရက် ညပိုင်းမှာ မြေပြင်စစ်ကြောင်းက ရွာအတွင်းဝင်ရောက်ပြီး နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရေနံချပ်နဲ့ အနီးဝန်းကျင်ကျေးရွာတွေက ပြည်သူတွေ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာတွေမှာ တိမ်းရှောင်နေရပါတယ်။ လက်ရှိမှာ ရေနံချပ်၊ ရွာယာ၊ အုပ်ကျောင်းနဲ့ အရာတောကျေးရွာတွေက အရပ်သားတွေပါ စစ်ဘေးရှောင်နေရတယ်လို့ ဒေသတွင်း ကူညီပေးနေသူတွေက ပြောဆိုထားပါတယ်။

#thekaladanpost #ပခုက္ကူ #လေကြောင်းတိုက်ခိုက်မှု #အရပ်သားထိခိုက်သေဆုံးမှု #စစ်ဘေးရှောင်