ဇွန် ၂၃၊ ၂၀၂၆

The Kaladan Post

 

တရုတ်နိုင်ငံနဲ့ အပြိုင်ဖြစ်နေတဲ့ နည်းပညာပြိုင်ဆိုင်မှုမှာ အမေရိကန်က ဦးဆောင်နိုင်ဖို့အတွက် သိပ္ပံသုတေသနလုပ်ငန်းတွေမှာ အသုံးပြုမယ့် အလွန်အစွမ်းထက်တဲ့ ကွမ်တမ်ကွန်ပျူတာ (Quantum Computer) တစ်လုံးကို တည်ဆောက်ရေးနဲ့ အစိုးရရဲ့ ဆိုက်ဘာလုံခြုံရေးစနစ်တွေကို ကာကွယ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ (ဇွန်လ ၂၂ ရက်) မှာ အုပ်ချုပ်ရေးအမိန့် (Executive Orders) နှစ်ရပ်ကို အိမ်ဖြူတော်၌ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒီအမိန့်တွေထဲက တစ်ခုဟာ အစိုးရရဲ့ အဓိကကွန်ပျူတာစနစ်တွေကို လာမယ့် ၂၀၃၀ ဒါမှမဟုတ် ၂၀၃၁ ခုနှစ်လောက်မှာ နောက်ဆုံးပေါ် Post-Quantum Cryptography လုံခြုံရေးစနစ်တွေဆီ မဖြစ်မနေ ကူးပြောင်းဖို့ ရည်ရွယ်ထားတာပါ။ ကွမ်တမ်ကွန်ပျူတာတွေဟာ ကွမ်တမ်ရူပဗေဒနိယာမတွေကို အသုံးပြုထားတာကြောင့် လက်ရှိခေတ်ပေါ် စူပါကွန်ပျူတာ (Supercomputers) တွေထက်တောင် အဆပေါင်းများစွာ ပိုမိုမြန်ဆန်စွာ တွက်ချက်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် လက်ရှိသုံးစွဲနေတဲ့ ကွန်ပျူတာလုံခြုံရေးစကားဝှက်တွေကို အလွယ်တကူ ဖောက်ထွင်းနိုင်ပြီး အနာဂတ်မှာ ကြီးမားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ စိုးရိမ်နေကြတာပါ။

ဒီစီမံကိန်းနဲ့ပတ်သက်ပြီး [အိမ်ဖြူတော် သိပ္ပံနှင့် နည်းပညာမူဝါဒရေးရာရုံး] ရဲ့ ညွှန်ကြားရေးမှူး မိုက်ကယ် ကရတ်ဆီအိုစ် (Michael Kratsios) က “ဒီကွမ်တမ်ကွန်ပျူတာ တည်ဆောက်မှုကြီးကို ၂၀၂၈ ခုနှစ်မှာ အကောင်အထည်ဖော်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒီလို အကောင်အထည်ဖော်နိုင်ခြင်းအားဖြင့် ဉာဏ်ရည်တု (AI) နည်းပညာ၊ ဓာတုဗေဒနဲ့ ရုပ်ဝတ္ထုပစ္စည်း သိပ္ပံနယ်ပယ်တွေမှာ အမေရိကန်က တရုတ်ကို အသာစီးရယူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ အမိန့်စာအရ ၂၀၂၈ ခုနှစ်မှာ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် (Pentagon) အနေနဲ့ ကွမ်တမ်အာရုံခံစနစ် (Quantum Sensors) တွေကို စစ်ရေးကဏ္ဍမှာ စတင်အသုံးပြုသွားဖို့ ပါဝင်ပါတယ်။ ဒီအာရုံခံစနစ်တွေဟာ GPS လိုင်းတွေ ဖြတ်တောက်ခံရတဲ့ စစ်ပွဲဇုန်တွေမှာ လေယာဉ်တွေ လမ်းကြောင်းရှာဖွေနိုင်ဖို့ ကူညီပေးနိုင်သလို၊ ဂြိုဟ်တုတွေမှာ တပ်ဆင်လိုက်ရင်လည်း မြေအောက်လှိုင်ခေါင်း ဖောက်လုပ်တာတွေနဲ့ ဒုံးကျည်စခန်း တည်ဆောက်တာတွေကို အာကာသကနေ အလွယ်တကူ ထောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အိမ်ဖြူတော် အိုဗယ်လ်ရုံးခန်း (Oval Office) မှာ ကျင်းပတဲ့ လက်မှတ်ရေးထိုးပွဲကို တက်ရောက်လာတဲ့ Infleqtion ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် မက်သရူး ကင်န်ဆယ်လာ (Matthew Kinsella) က “ကွမ်တမ်ကွန်ပျူတာတွေ မပေါ်လာခင်မှာတောင် ကွမ်တမ်အာရုံခံစနစ်တွေကနေ စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေကို ယူဆောင်လာပေးနိုင်ပါတယ်။ ဒီလို သတ်မှတ်ထားတဲ့ အချိန်ကာလတွေအတွင်း ပြီးစီးအောင် လုပ်ဆောင်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

[အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန] ကလည်း နာမည်ကြီး IBM ကုမ္ပဏီအပါအဝင် ကွမ်တမ်ကွန်ပျူတာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ၉ ခုမှာ ဒေါ်လာ ၂ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ပြီးခဲ့တဲ့လက ကြေညာထားပါတယ်။ သမ္မတ ထရမ့်ရဲ့ အုပ်ချုပ်ရေးအမိန့်တွေထဲမှာ အမေရိကန်ရဲ့ စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ပြိုင်ဘက်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ ဉာဏပစ္စည်းမူပိုင်ခွင့် (IP) ဆိုင်ရာ အကာအကွယ်ပေးရေးနဲ့ ကုန်စည်ထောက်ပံ့မှုကွင်းဆက် (Supply Chain) လုံခြုံရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့လည်း ပါဝင်ပါတယ်။ အစိုးရအေဂျင်စီတွေအနေနဲ့လည်း လာမယ့် ၅ နှစ်အတွင်း ကွမ်တမ်နည်းပညာသုံး အာရုံခံစနစ်တွေနဲ့ ကွန်ရက်တွေကို လက်တွေ့အသုံးပြုနိုင်ဖို့ စီမံချက်တွေ ရေးဆွဲကြရတော့မှာ ဖြစ်ပါတယ်။

သတင်း Source: Reuters