မတ် ၁၂
The Kaladan Post
မြောက်ကိုရီးယားရေတပ်က သူတို့ရဲ့ ဖျက်သင်္ဘောတစ်စီးပေါ်ကနေ မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်တွေကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်ခတ်နိုင်ခဲ့တယ်လို့ အစိုးရမီဒီယာကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။
မတ်လ (၁၁) ရက်နေ့က နိုင်ငံပိုင် KCNA သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ၊ အသစ်တည်ဆောက်ထားတဲ့ အကြီးဆုံး ဖျက်သင်္ဘောတွေထဲက တစ်စီးဖြစ်တဲ့ ‘ချိုဟွန်း’ (Chohun) ဖျက်သင်္ဘောပေါ်ကနေ ခရုစ်ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်မှုကို ခေါင်းဆောင် ကင်မ်ဂျုံအွန်း ကိုယ်တိုင် ရုပ်မြင်သံကြားကနေတစ်ဆင့် စောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဒုံးကျည်တွေဟာ နိုင်ငံအနောက်ဘက် ပင်လယ်ရေပြင်အထက်ကနေ ခပ်နိမ့်နိမ့် ပျံသန်းသွားခဲ့ပြီးတဲ့နောက် ကုန်းမြေပေါ်က ပစ်မှတ်တွေကို တိတိကျကျ ထိမှန်ခဲ့တယ်လို့ KCNA က ဖော်ပြထားပါတယ်။
ဒီစမ်းသပ်မှုနဲ့ပတ်သက်ပြီး ခေါင်းဆောင် ကင်မ်ဂျုံအွန်းက “နိုင်ငံကို ထိပါးကျူးကျော်လာနိုင်ခြေတွေကို ဟန့်တားဖို့အတွက် နျူကလီးယား လက်နက်တိုက်ကို ချဲ့ထွင်နေရင်း တစ်ဖက်မှာလည်း ရန်သူကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်မယ့် စစ်လက်နက် စနစ်တွေ ပိုမို အားကောင်းလာအောင်လည်း ကြိုးစားရမယ်” လို့ ပြောကြားခဲ့ပါတယ်။
ချိုဟွန်း ဖျက်သင်္ဘောဟာ တန်ချိန် (၅၀၀၀) လောက် အလေးချိန်ရှိပြီး ခေတ်မီစစ်လက်နက်တွေ တပ်ဆင်ထားတဲ့ မြောက်ကိုရီးယားရဲ့ မျိုးဆက်သစ် ဖျက်သင်္ဘောအမျိုးအစား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းတုန်းကလည်း ချိုဟွန်းနဲ့ အမျိုးအစားတူတဲ့ တခြားဖျက်သင်္ဘောတစ်စီးကနေ လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေကို စမ်းသပ်ပစ်ခတ်ခဲ့ပြီး အဲဒီတုန်းကတော့ ကင်မ်ဂျုံအွန်းကိုယ်တိုင် သွားရောက်ကွပ်ကဲခဲ့တာပါ။
လက်ရှိမှာ မြောက်ကိုရီးယားအနေနဲ့ ချိုဟွန်းအဆင့်ရှိတဲ့ ဖျက်သင်္ဘော အနည်းဆုံး (၄) စီးအထိ တည်ဆောက်ဖို့ လျာထားပြီး၊ (၂) စီးကတော့ ရေတပ်မှာ စတင်တာဝန်ထမ်းဆောင်နေပြီလို့ ယူဆရပါတယ်။
(ကိုးကား – Xinhua / ဓာတ်ပုံ – KCNA)