ဇွန် ၂၄၊ ၂၀၂၆
The Kaladan Post
အမေရိကန် တရားလွှတ်တော်ချုပ်ဟာ တိကျတဲ့ ရာဇဝတ်မှုကျူးလွန်ထားတယ်လို့ စွပ်စွဲခံရတဲ့ ဂရင်းကတ် (Green Card) ကိုင်ဆောင်သူတွေကို နိုင်ငံတွင်း ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ဖို့နဲ့ ပြည်နှင်ဒဏ်ပေးဖို့အတွက် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေကို ပိုမိုကျယ်ပြန့်တဲ့ လုပ်ပိုင်ခွင့်တစ်ခု အင်္ဂါနေ့ (ဇွန်လ ၂၃ ရက်) မှာ အတည်ပြုပေးလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ရရှိထားတဲ့ နိုင်ငံခြားသား သန်းနဲ့ချီ အပါအဝင် အိန္ဒိယနိုင်ငံသား ၆.၇ သန်းကျော်ကိုလည်း သိသိသာသာ သက်ရောက်မှုရှိလာနိုင်ပါတယ်။
ဒီအမှုဟာ Blanche v. Lau ဆိုတဲ့ အမှုကနေ စတင်ခဲ့တာဖြစ်ပြီး၊ တရားသူကြီး ကိုးဦးပါဝင်တဲ့ တရားလွှတ်တော်ချုပ်မှာ ၆ မဲ ၃ မဲနဲ့ အခုလို ဆုံးဖြတ်ခဲ့တာပါ။ အရင်ကဆိုရင် ဂရင်းကတ်ကိုင်ဆောင်သူ တစ်ဦး ပြည်ပကနေ ပြန်လည်ဝင်ရောက်လာချိန်မှာ သူဟာ ရာဇဝတ်မှုကျူးလွန်ထားသူဖြစ်ကြောင်း ခိုင်လုံတဲ့ အထောက်အထား (Clear and convincing evidence) ပြသနိုင်မှသာ ပြည်နှင်ဒဏ်ပေးခွင့်ရှိတာပါ။ ဒါပေမဲ့ အခုဆုံးဖြတ်ချက်အသစ်အရ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေအနေနဲ့ အဆိုပါပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်တရားပျက်ပြားစေတဲ့ ရာဇဝတ်မှု (Crime involving moral turpitude – CIMT) တစ်ခုခု ကျူးလွန်ထားနိုင်တယ်လို့ “ယုံကြည်ရလောက်တဲ့ အကြောင်းပြချက်” (Reason to believe) ရှိရုံနဲ့တင် နိုင်ငံတွင်းဝင်ရောက်ခွင့်ကို ပိတ်ပင်နိုင်တော့မှာ ဖြစ်ပါတယ်။
အမေရိကန် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ CIMT ဆိုတာ လိမ်လည်မှု၊ ခိုးယူမှု၊ အတုအပပြုလုပ်မှု၊ ပြင်းထန်တဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ ရည်ရွယ်ချက်ရှိရှိ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ဆိုလိုတာဖြစ်ပါတယ်။ တရားသူကြီး ကလာရင့်စ် သောမတ်စ် (Clarence Thomas) က “အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားပြုခွင့်ဥပဒေမှာ ခိုင်လုံတဲ့အထောက်အထားပြဖို့ လိုအပ်တယ်လို့ ပြဋ္ဌာန်းထားတာ မရှိပါဘူး။” လို့ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုထားပါတယ်။
ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို သဘောမတူတဲ့ လစ်ဘရယ် တရားသူကြီး ကီတန်ဂျီ ဘရောင်း ဂျက်ဆင် (Ketanji Brown Jackson) ကတော့ “ဒီဆုံးဖြတ်ချက်က အစိုးရကို အကန့်အသတ်မရှိ လုပ်ပိုင်ခွင့် (Blank check) ပေးလိုက်တာဖြစ်လို့ ကျွန်မ အလွန်စိုးရိမ်မိပါတယ်။ ဒီလိုလုပ်ရပ်က ဥပဒေရဲ့ အခြေခံလုပ်ငန်းစဉ်တွေကို ထိခိုက်စေပါတယ်။” လို့ သတိပေးပြောဆိုထားပါတယ်။ ဝေဖန်သူတွေကလည်း ဒီဥပဒေကြောင့် နှစ်ပေါင်းများစွာ နေထိုင်အလုပ်လုပ်နေတဲ့ ဂရင်းကတ်ကိုင်ဆောင်သူတွေဟာ ပြည်ပကို ခရီးထွက်တဲ့အခါ ပြန်ဝင်ခွင့်မရတော့မှာကို အမြဲစိုးရိမ်နေရတော့မယ်လို့ ထောက်ပြကြပါတယ်။
[အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန] ရဲ့ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ အမေရိကန်မှာ နေထိုင်နေတဲ့ အိန္ဒိယနွယ်ဖွားနဲ့ အိန္ဒိယနိုင်ငံသား ၆.၇ သန်းကျော် ရှိပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာတင် အိန္ဒိယနိုင်ငံသား ၆၆,၈၀၀ ဟာ အမေရိကန် ဂရင်းကတ် ရရှိခဲ့ပါတယ်။ ဒီဥပဒေသစ်အရ ဂရင်းကတ်ကိုင်ဆောင်ထားသူတွေကို ချက်ချင်း ပြည်နှင်ဒဏ်ပေးလို့မရပေမယ့်၊ ပြည်ပကနေ ပြန်ဝင်လာချိန်မှာ ရာဇဝတ်မှုနဲ့ပတ်သက်ပြီး သံသယရှိရုံနဲ့တင် လေဆိပ်မှာတင် ဝင်ခွင့်ပိတ်ပင်တာ၊ အမြဲတမ်းနေထိုင်ခွင့် (LPR) ရုပ်သိမ်းတာမျိုးတွေကို အာဏာပိုင်တွေက ပိုမိုလွယ်ကူစွာ လုပ်ဆောင်လာနိုင်တော့မှာ ဖြစ်ပါတယ်။
သတင်း Source: WION