စက်တင် ၉၊ ၂၀၂၆
The Kaladan Post
အမေရိကန်တပ်ဖွဲ့များက အီရန် ရေနံတင်သင်္ဘော ၅ စီးကို ဖျက်ဆီးခဲ့ပြီးနောက် အီရန်နှင့် ဟူသီလက်နက်ကိုင်တို့က ဂျော်ဒန်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းနှင့် ဆော်ဒီ စွမ်းအင် အဆောက်အအုံများကို အင်္ဂါနေ့တွင် လက်တုံ့ပြန် တိုက်ခိုက်ခဲ့ကြပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က အီရန် ရေနံတင်သင်္ဘော ၅ စီးကို ဖျက်ဆီးခဲ့သည့် ဗီဒီယိုမှတ်တမ်းကို ထုတ်ပြန်ခဲ့ပြီး ယင်းသည် ၎င်းတို့၏ စစ်သင်္ဘောကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည့် အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ လုပ်ရပ်ကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က “အီရန်ဟာ အမေရိကန် ရေတပ်သင်္ဘောတွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်၊ အဲဒီလို လုပ်တိုင်း ဒါမှမဟုတ် လုပ်ဖို့ ကြိုးစားတိုင်း သူတို့ရဲ့ ရေနံတင်သင်္ဘောတွေ ဆုံးရှုံးရမှာ ဖြစ်ပါတယ်” ဟု သတိပေးခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုအပြီးတွင် အီရန်ဘက်က ဂျော်ဒန်နိုင်ငံ အယ်လ်အာဇရက်ခ် (Al Azraq) အနီးရှိ အမေရိကန် အခြေစိုက်စခန်းကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း IRGC က ထုတ်ပြန်ခဲ့ပါတယ်။ သို့သော်လည်း အီရန် ပစ်ခတ်လိုက်သည့် ဒုံးကျည် အစင်း ၂၀ အနက် ၁၈ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဂျော်ဒန်အစိုးရက ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပင် ယီမင် ဟူသီ လက်နက်ကိုင်များက ဆော်ဒီအာရေးဗီးယား တောင်ပိုင်းရှိ မြို့ ၄ မြို့ကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သဖြင့် ရေနံချက်စက်ရုံများ မီးလောင်ကျွမ်းခဲ့ပြီး လူ ၇၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုများသည် လွန်ခဲ့သည့် ဖေဖော်ဝါရီလက အမေရိကန်နှင့် အစ္စရေးတို့ အီရန်အပေါ် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဆော်ဒီအပေါ် အကြီးမားဆုံး တိုက်ခိုက်မှုများထဲတွင် ပါဝင်ခဲ့ပါတယ်။
အီရန်နိုင်ငံသည် ကူဝိတ်နှင့် ဘာရိန်း ဆိပ်ကမ်းများရှိ ရေနံတင်သင်္ဘောများကိုလည်း ပစ်မှတ်ထားမည်ဟု ခြိမ်းခြောက်ထားပြီး အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ဆိပ်ကမ်းတွင်လည်း သဘာဝဓာတ်ငွေ့တင် သင်္ဘောတစ်စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ရေနံစိမ်း စျေးနှုန်းများ ထပ်မံ မြင့်တက်လာခဲ့သော်လည်း ဘရန့် (Brent) ရေနံစိမ်း စျေးနှုန်းမှာ တစ်ဘီပါလျှင် ဒေါ်လာ ၁၀၀ အောက်တွင် ဆက်လက် ရှိနေပါသေးတယ်။
Source – Reuters