ဇူလိုင် ၁၀၊ ၂၀၂၆
The Kaladan Post
ဝါရှင်တန်ဒီစီက နာမည်ကျော် လင်ကွန်းအထိမ်းအမှတ်ဗိမာန်ရှေ့မှာရှိတဲ့ ရေကန် (Reflecting Pool) ကို တမင်သက်သက် ဖျက်ဆီးခဲ့တယ်ဆိုတဲ့ စွဲချက်အပေါ် အမေရိကန် အိုလံပစ်လှေလှော်အားကစားသမားဟောင်း David Hearn က ကြာသပတေးနေ့မှာ အပြစ်မရှိကြောင်း တရားရုံးမှာ ထွက်ဆိုလိုက်ပါတယ်။ အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Hearn ဟာ ပြီးခဲ့တဲ့လက ရေကန်ရဲ့အောက်ခြေမှာ ခင်းထားတဲ့ အပြာရောင်အလွှာကို တမင်ဖျက်ဆီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အဆိုပါ ရေကန်ဟာ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ညွှန်ကြားချက်အရ ဒေါ်လာ ၁၄ ဒသမ ၇ သန်း အကုန်အခံပြီး အမေရိကန်အလံရဲ့ အပြာရောင်အတိုင်း အသစ်ပြန်လည် ပြုပြင်ထားတာ ဖြစ်ပါတယ်။
Hearn ဟာ ဇွန်လ ၁၉ ရက်နေ့က အခင်းဖြစ်ပွားရာအနားမှာ စက်ဘီးစီးရင်း ရေကန်ထဲကို လက်နဲ့နှိုက်ပြီး ကွာကျနေတဲ့ အပြာရောင်အလွှာတစ်ခုကို ထိတွေ့ခဲ့မိကြောင်း ဝန်ခံထားပေမဲ့ ဘာကိုမှ ဖယ်ရှားဖျက်ဆီးခဲ့တာမျိုး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ Hearn ရဲ့ ရှေ့နေ Norm Eisen က “ဒီရေကန်ကို လက်နဲ့ထိမိရုံနဲ့ ရာဇဝတ်မှုနဲ့ တရားစွဲခံရမယ်ဆိုရင် အမေရိကန်နိုင်ငံသားတိုင်းဟာ အန္တရာယ်ရှိနေပါပြီ။ လူတိုင်းဟာ ဒီတရားစွဲဆိုမှုအပေါ် စိုးရိမ်သင့်ပါတယ်” လို့ တရားရုံးအပြင်ဘက်မှာ ပြောကြားခဲ့ပါတယ်။ တရားသူကြီးကတော့ Hearn ကို ဘာကန့်သတ်ချက်မှမထားဘဲ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
သမ္မတထရန့်ကတော့ ရေကန်ကို ပြုပြင်ပြီးပြီးချင်းမှာပဲ ရေညှိတွေတက်ပြီး အောက်ခြေက အပြာရောင်အလွှာတွေ ကွာကျလာတဲ့အပေါ်မှာ ဖျက်ဆီးလိုသူတွေရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ သမ္မတခန့်အပ်ထားတဲ့ အစိုးရရှေ့နေ Jeanine Pirro က Hearn ဟာ ပေ ၂၀ ပတ်လည်လောက်ရှိတဲ့ အခင်းအလွှာကို ဆွဲခွာခဲ့တာကြောင့် ဒေါ်လာ ၁,၀၀၀ ကျော် ဖျက်ဆီးခဲ့တယ်လို့ ဆိုကာ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တဲ့ ပုဒ်မနဲ့ တရားစွဲခဲ့တာပါ။ ဒါပေမဲ့ Hearn ရဲ့ ရှေ့နေတွေကတော့ “ဒါဟာ အစိုးရရဲ့ ညံ့ဖျင်းတဲ့ ပြုပြင်မွမ်းမံမှုတွေကို အာရုံလွှဲဖို့အတွက် အခုလို တရားစွဲဆိုတာပဲ ဖြစ်ပါတယ်” လို့ ပြန်လည်ချေပထားပါတယ်။
လက်ရှိမှာတော့ ရေကန်ကို ဖျက်ဆီးတယ်ဆိုတဲ့ သံသယနဲ့ လူ ၆ ဦးလောက် ဖမ်းဆီးခံထားရပြီး တခြားလူ ၃ ဦးဟာလည်း အမှုရင်ဆိုင်နေရပါတယ်။ ရေကန်ကို ကာကွယ်ဖို့အတွက် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေနဲ့ ပန်းခြံရဲတပ်ဖွဲ့တွေကိုပါ ချထားရသလို ခြံစည်းရိုးတွေပါ ခတ်ထားရတယ်လို့ [အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာန] က ထုတ်ပြန်ထားပါတယ်။ သမ္မတထရန့်ကတော့ ရေကန်ကို ပြန်လည်ပြုပြင်ဖို့အတွက် ရေတွေကို တစ်ကျော့ပြန် ပြန်ထုတ်ရလိမ့်မယ်လို့ ပြောကြားထားပါတယ်။
သတင်း Source: Reuters