စက်တင် ၉၊ ၂၀၂၆
The Kaladan Post
ကမ္ဘာတစ်ဝန်းရှိ အမေရိကန် သံရုံးများတွင် ပြောင်းရွှေ့နေထိုင်ခွင့် (Immigrant Visa) ရက်ချိန်းများကို ယာယီ ဆိုင်းငံ့ထားဆဲဖြစ်သော်လည်း ဟန်ဂေရီနှင့် ပိုလန်နိုင်ငံတို့အတွက် ဗီဇာ လျှောက်ထားမှု စိစစ်ခြင်းများကို အမေရိကန်က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြန်လည် စတင်ပေးခဲ့ပါတယ်။
အဆိုပါ နိုင်ငံနှစ်ခုရှိ အမေရိကန် သံတမန်မစ်ရှင်များအနေဖြင့် ပြောင်းရွှေ့နေထိုင်ခွင့် ဗီဇာများကို ဦးစားပေး လုပ်ဆောင်ရန် ညွှန်ကြားချက်သည် အိမ်ဖြူတော်ထံမှ တိုက်ရိုက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုပါတယ်။ သမ္မတ ထရမ့်နှင့် ၎င်း၏ ထိပ်တန်း အကြံပေးများသည် ဟန်ဂေရီ ဝန်ကြီးချုပ်ဟောင်း ဗစ်တာအော်ဘန် (Viktor Orban) နှင့် ပိုလန် သမ္မတ ကာရိုလ် နာဗရော့စကီး (Karol Nawrocki) တို့ကဲ့သို့ လက်ယာယိမ်း မဟာမိတ်များနှင့် ရင်းနှီးသည့် ဆက်ဆံရေး တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အစိုးရ ထောက်ပံ့ကြေးကို မှီခိုနိုင်ခြေများသည့် နိုင်ငံ ၇၅ နိုင်ငံမှ ပြောင်းရွှေ့နေထိုင်ခွင့် ဗီဇာ စိစစ်မှုများကို ယာယီ ရပ်ဆိုင်းခဲ့ပါတယ်။ သို့သော်လည်း ဩဂုတ်လ ၂၁ ရက်နေ့တွင် အမေရိကန် ခရိုင်တရားသူကြီး ဂျီးနက် အေ ဗာဂတ်စ် (Jeannette A. Vargas) က အဆိုပါ ဗီဇာ ပိတ်ပင်မှုကို “တရားမဝင်ကြောင်း” ဆုံးဖြတ် ပယ်ချခဲ့ပါတယ်။
တရားရုံး ဆုံးဖြတ်ချက်အပြီး ဩဂုတ်လ ၂၅ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာတစ်ဝန်းရှိ သံရုံးများတွင် ဝန်ထမ်းများအား သင်တန်းအသစ်များ ပေးအပ်ရန်အတွက် ဗီဇာ ရက်ချိန်းများကို ယာယီ ရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “ဗီဇာ လျှောက်ထားသူများအတွက် ညွှန်ကြားချက် အသစ်များ သို့မဟုတ် လူတွေ့စစ်ဆေးမည့် ရက်ချိန်း အပြောင်းအလဲများ ရှိပါက သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများက လျှောက်ထားသူများထံ တိုက်ရိုက် အကြောင်းကြားပါသည်” ဟု ပြောကြားခဲ့ပါတယ်။
အစိုးရက ရက်ချိန်းများကို ဩဂုတ်လ ၃၁ ရက်နေ့အထိသာ ရွှေ့ဆိုင်းမည်ဟု တရားရုံးတွင် လျှောက်ထားခဲ့သော်လည်း ဝန်ထမ်းများ၏ သင်တန်း အစီအစဉ်များကြောင့် ကမ္ဘာတစ်ဝန်း ဆိုင်းငံ့မှုသည် လပေါင်းများစွာ ဆက်လက် ကြာမြင့်နိုင်ဖွယ် ရှိနေပါတယ်။ ယင်းကြောင့် အိန္ဒိယ၊ ဗြိတိန်နှင့် ပီရူး အပါအဝင် ကမ္ဘာတစ်ဝန်းမှ ဗီဇာ လျှောက်ထားသူ ထောင်ပေါင်းများစွာသည် စက်တင်ဘာလအတွင်း ရက်ချိန်း ဖျက်သိမ်းခံရမှုများနှင့် ရင်ဆိုင်နေရပါတယ်။
Source – Reuters