မတ် ၂၀

The Kaladan Post

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူဟာ ဖခင်ကို အနောက်မှာတင်ပြီး စစ်တပ်သုံး တင့်ကားတစ်စီးကို ကိုယ်တိုင် မောင်းနှင်နေတဲ့ ဓာတ်ပုံတွေကို နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) ကနေ သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီလို ဓာတ်ပုံတွေ ထွက်ပေါ်လာတဲ့အပေါ် နိုင်ငံတကာ အကဲခတ်တွေကတော့ “ဒီကလေးမလေးဟာ ဖခင်ဖြစ်သူရဲ့ နေရာကို အနာဂတ်မှာ ဆက်ခံဖို့အတွက် အခုကတည်းက ကြိုတင် လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်နေတာ သေချာသလောက်ရှိတယ်” လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

ဂျူအေး (Ju Ae) လို့ လူသိများပြီး အသက် ၁၃ နှစ်ဝန်းကျင်လောက်ရှိပြီလို့ ယူဆရတဲ့ ကင်ဂျုံအန်းရဲ့ သမီးဟာ ပြီးခဲ့တဲ့လပိုင်းတွေကစလို့ ဖခင်ဖြစ်သူနဲ့အတူ လူသိရှင်ကြား ပွဲထွက်လာတာတွေကို တော်တော်လေး ခပ်စိပ်စိပ် တွေ့လာရပါတယ်။

အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေထဲမှာဆိုရင် သမီးဖြစ်သူက တင့်ကားမောင်းသူနေရာကနေ အပြင်ကိုထွက်ကြည့်နေပြီး လေတိုက်လို့ ဆံပင်တွေလွင့်နေသလို၊ မျက်နှာထားကလည်း တော်တော်လေးကို အာရုံစိုက်ထားတဲ့ ပုံစံမျိုး တွေ့ရပါတယ်။ အနောက်မှာတော့ ဖခင်ဖြစ်သူ ကင်ဂျုံအန်းက တင့်ကားအမိုးပေါ် လက်ထောက်ပြီး ပြုံးရွှင်နေသလို၊ သူတို့ရဲ့ ဘေးနားမှာတော့ စစ်ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ စစ်အရာရှိ ၃ ဦး ထိုင်နေတာကို မြင်တွေ့ရပါတယ်။

ဒီလဆန်းပိုင်းတုန်းကလည်း သမီးဖြစ်သူဟာ သေနတ်ပစ်ကွင်းတစ်ခုမှာ ရိုင်ဖယ်သေနတ်ကို ချိန်ရွယ်နေတဲ့ပုံတွေ၊ နောက်တစ်ခါမှာလည်း ပစ္စတိုသေနတ်ကို ကိုယ်တိုင် ပစ်ခတ်နေတဲ့ ပုံတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားအစိုးရဘက်ကတော့ သူမရဲ့ နာမည်နဲ့ အသက်အတိအကျကို တရားဝင် ထုတ်ပြန် အတည်ပြုထားတာမျိုးတော့ မရှိသေးပါဘူး။

KCNA ရဲ့ သတင်းထုတ်ပြန်ချက်အရ ခေါင်းဆောင် ကင်ဂျုံအန်းဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမျိုးအစားသစ် တင့်ကားစမ်းသပ်မောင်းနှင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ကိုယ်တိုင် သွားရောက် ကြီးကြပ်ခဲ့တာလို့ သိရပါတယ်။ ဒီတင့်ကားသစ်တွေဟာ ဒရုန်းတွေနဲ့ တင့်ကားဖျက်ဒုံးကျည်တွေကို ကာကွယ်နိုင်စွမ်းရှိသလို၊ ထိုးစစ်ဆင်နိုင်စွမ်းလည်း ပိုသာတယ်လို့ ဆိုပါတယ်။

ကင်ဂျုံအန်းဟာ မကြာသေးခင် နှစ်တွေအတွင်းမှာ တိုက်ချင်းပစ် ဒုံးကျည်တွေနဲ့ နျူကလီးယား လက်နက်တွေလို မဟာဗျူဟာမြောက် လက်နက်ကြီးတွေ တီထွင်ထုတ်လုပ်တာအပြင်၊ နည်းဗျူဟာမြောက် ဒုံးကျည်တွေ အပါအဝင် သမားရိုးကျ လက်နက်တွေကိုပါ ခေတ်မီအောင် အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေတာပဲ ဖြစ်ပါတယ်။

ပုံစာ – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ပြုံယမ်းမြို့ရှိ လေ့ကျင့်ရေးစခန်းတစ်ခုတွင် အသစ်ထုတ်လုပ်ထားသော တင့်ကားများပါဝင်သည့် စစ်ရေးလေ့ကျင့်မှု၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် သမီးဖြစ်သူ ကင်ဂျူအေးတို့ တင့်ကားစီးနေစဉ်။ (ဓာတ်ပုံ – KCNA / REUTERS)

ကိုးကား – Reuters