ဇူလိုင် ၂၁၊ ၂၀၂၆

The Kaladan Post

အမေရိကန်နဲ့ အီရန်ကြားက စစ်ရေးတင်းမာမှုတွေဟာ အာရှ-ပစိဖိတ်ဒေသအပေါ်မှာပါ အရိပ်မည်းကြီးလို လွှမ်းမိုးနေချိန်မှာပဲ အာဆီယံ (ASEAN) နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ အင်္ဂါနေ့က စတင်ကျင်းပလိုက်ပါတယ်။ အမေရိကန်နဲ့ အီရန်ကြားက စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားကတစ်ဆင့် စွမ်းအင်ပေးပို့မှုတွေ ပြတ်တောက်မှာကို စိုးရိမ်နေကြသလို ဒေသတွင်းမှာလည်း တရုတ်နဲ့ ပင်လယ်ရေကြောင်း အငြင်းပွားမှုတွေ၊ မြန်မာ့ပြည်တွင်းစစ် ကိစ္စတွေက အာဆီယံအတွက် အဓိက စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။

အစည်းအဝေး အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံရဲ့ ပြောရေးဆိုခွင့်ရှိသူ Dominic Xavier Imperial က “အခုဖြစ်ပေါ်နေတဲ့ အင်မတန် အရေးကြီးတဲ့ ကမ္ဘာ့အခြေအနေတွေကို ဆွေးနွေးဖို့အတွက် အခွင့်အလမ်း အတော်များများကို ကျွန်တော်တို့ ကြည့်ရှုနေပါတယ်” လို့ ဆိုပါတယ်။ အာဆီယံဝန်ကြီးတွေဟာ အင်္ဂါနေ့မှာပဲ မြန်မာ့ပဋိပက္ခနဲ့ ပတ်သက်ပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁ သိန်းလောက် သေဆုံးခဲ့ရပေမဲ့ အာဆီယံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကတော့ ၅ နှစ်ကြာတဲ့အထိ ထိရောက်တဲ့ ရလဒ် ထွက်မလာသေးပါဘူး။

အစည်းအဝေး မစတင်ခင်မှာပဲ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင် ရေတပ်သားတစ်ဦးကို နံပါတ်တုတ်နဲ့ ရိုက်နှက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် တင်းမာမှုတွေ ပိုမိုမြင့်တက်လာပါတယ်။ [အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန] ကတော့ ဒါဟာ တရုတ်ရဲ့ ရန်စတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရှုတ်ချထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကလည်း မနီလာကို ရောက်ရှိလာချိန်မှာ တရုတ်ရဲ့ အမည်ကို တိုက်ရိုက်မသုံးနှုန်းဘဲ “တကယ်လို့ ဒီရေပြင်တွေဟာ ကုန်သွယ်ရေးကို လက်နက်သဖွယ် အသုံးချချင်တဲ့ အင်အားစုတစ်ခုရဲ့ လက်အောက်ကို ရောက်သွားမယ်ဆိုရင် အမေရိကန်ရော၊ အာဆီယံနိုင်ငံတွေပါ သူတို့ရဲ့ အချုပ်အခြာအာဏာနဲ့ စီးပွားရေး အနာဂတ်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” လို့ ဖိလစ်ပိုင် သတင်းစာတွေမှာ ဆောင်းပါးရေးသားပြီး သတိပေးခဲ့ပါတယ်။

အခုအစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယို၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့အပြင် အိန္ဒိယ၊ ဂျပန်၊ ဩစတြေးလျ၊ ရုရှား၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ (EU) တို့က ဝန်ကြီးတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ဝန်ကြီး ရူဘီယိုနဲ့ ဝမ်ယိတို့ဟာ အစည်းအဝေးကြားမှာ သီးခြားတွေ့ဆုံပြီး လာမယ့် စက်တင်ဘာလမှာ ပြုလုပ်မယ့် သမ္မတ ထရန့်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ ထိပ်သီးတွေ့ဆုံပွဲအတွက် ညှိနှိုင်းသွားဖို့ ရှိနေပါတယ်။ တစ်ဖက်မှာလည်း ဩစတြေးလျနိုင်ငံက ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရဲ့ စောင့်ကြည့်ရေး စွမ်းဆောင်ရည် မြှင့်တင်ဖို့အတွက် ဒရုန်းစီမံကိန်းအတွက် ဒေါ်လာ ၆ ဒသမ ၇ သန်း ထပ်မံကူညီပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

သတင်းရင်းမြစ် – Reuters