မြန်မာ့အရေး Five-Point Consensus အတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု အာဆီယံ ပြော
ဇူလိုင် ၂၀
The Kaladan Post
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) က မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် အာဆီယံ ဥက္ကဋ္ဌတာဝန် “ကျရှုံးနေသည်” ဟု SAC-M က ဝေဖန်ခဲ့ခြင်းကို ပယ်ချပြီး ယင်းစွပ်စွဲချက်များမှာ အမှားအယွင်းများနှင့် လှည့်ဖြားလိုသည့် ပြောဆိုမှုများဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။
ဖိလစ်ပိုင်က ဇူလိုင် ၁၂ ရက်က ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာကိုယ်စားလှယ်တို့၏ အလွတ်သဘောတွေ့ဆုံမှုသည် Five-Point Consensus အရ အပ်နှင်းထား သော လုပ်ပိုင်ခွင့်အတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားပါတယ်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုလျှော့ချရေး၊ နိုင်ငံရေးဆွေးနွေးမှုများ ဖြစ်ပေါ်လာရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးချဲ့ပေးနိုင်ရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားမည်ဟု ဆိုပါတယ်။
ဖိလစ်ပိုင်အနေဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာတွင် Five-Point Consensus ကို အဓိကမူဘောင်အဖြစ် ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်းလည်း အတည်ပြုထားပါတယ်။
အခြားတစ်ဖက်တွင် SAC-M က ဖိလစ်ပိုင်၏ မြန်မာစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံသည့် နည်းလမ်းသည် လမ်းကြောင်းလွဲနေပြီး အာဆီယံ၏ မြန်မာ့အရေးဦးဆောင်မှု ကျရှုံးနေသည်ဟု ဝေဖန်ထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးနှင့် လုံခြုံရေးအကျပ်အတည်း များ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကာ အာဆီယံ၏ ကြားဝင်ဆောင်ရွက်မှုများအပေါ် အမြင်ကွဲလွဲမှု များလည်း ဆက်လက်ရှိနေပါတယ်။
#ဖိလစ်ပိုင်#အာဆီယံ#SACM#FivePointConsensus#မြန်မာသတင်း

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး နိုင်ငံရေးဆွေးနွေးမှု ဖော်ဆောင်ရန် NLD တောင်းဆို
ဇူလိုင် ၂၀
The Kaladan Post
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ၏ အပြုသဘောဆောင်ကြိုးပမ်းမှုများကို ကြိုဆိုကြောင်းနှင့် အာဆီယံ၏ Five-Point Consensus ကို အဓိကမူဘောင်အဖြစ် ဆက်လက်ထိန်းသိမ်းသင့်ကြောင်း ထုတ်ပြန်ထားပါတယ်။
မြန်မာ့အရေးဖြေရှင်းရာတွင် အရပ်သားများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတားအဆီးမရှိ ရောက်ရှိရေးတို့ကို မရှိမဖြစ်လိုအပ်ကြောင်း ဖော်ပြထားပါတယ်။
NLD က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အခြေခံသည့် ကိုယ်စားပြုနိုင်ငံရေးအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ အပြည့်အဝပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုသာ ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ဆိုထားပါတယ်။
ထို့ပြင် မြန်မာ့နိုင်ငံရေးအကျပ်အတည်း၏ အရင်းခံအကြောင်းရင်းမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး စစ်တပ်က အာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပါဝင်ဆောင်ရွက်မှုသည် နိုင်ငံရေးဖြေရှင်းမှုအတွက် မရှိမဖြစ်လိုအပ်ကြောင်း အလေးပေးထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်ထိန်းသိမ်းထားခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိက အတားအဆီးဖြစ်ကြောင်း ဖော်ပြထားပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းနှင့် တွေ့ဆုံညှိနှိုင်းမှုများဖြင့်သာ ဖြေရှင်းသင့်ကြောင်း NLD က ထပ်မံတိုက်တွန်းထားပါတယ်။
NLD က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရေရှည်ငြိမ်းချမ်းရေးအတွက် ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီအခြေခံမူများနှင့် ဥပဒေစိုးမိုးရေးကို အခြေခံရမည်ဟု ၎င်း၏ ရပ်တည်ချက်ကို ထပ်မံအတည်ပြုထားပါတယ်။
#NLD#ဒေါ်အောင်ဆန်းစုကြည်#FivePointConsensus#မြန်မာ့နိုင်ငံရေး#မြန်မာသတင်း

(၇၉) ကြိမ်မြောက် အာဇာနည်နေ့ကို စစ်တပ်က နေရာအနှံ့ လေကြောင်းတိုက်ခိုက်မှုများဖြင့် ကျင်းပ
ဇူလိုင် ၂၀
The Kaladan Post
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ဇူလိုင်လ ၁၉ ရက် တစ်ရက်တည်း အတွင်း မအီ၊ သံတွဲနှင့် ပုဏ္ဏားကျွန်းမြို့တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်အရ မအီမြို့တွင် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား (၅) ဦး သေဆုံးခဲ့ပြီး ရဟန်းတော် (၁) ပါးနှင့် ကလေးငယ်များအပါအဝင် လူ (၂၂) ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘုရားကျောင်း နှင့် နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း ဖော်ပြထားပါတယ်။
သံတွဲမြို့တွင်လည်း ဂျက်တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဆိုထားပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ တောင်ပေါက်ဘုန်းကြီးကျောင်းအနီးသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဟန်းတော် (၂) ပါးနှင့် အရပ်သား (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ULA/AA ၏ ထုတ်ပြန်ချက်အရ ယင်းတိုက်ခိုက်မှုများအတွင်း စုစုပေါင်း အရပ်သား (၅) ဦး သေဆုံးခဲ့ပြီး ရဟန်းတော် (၃) ပါးနှင့် အရပ်သား (၂၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုထားပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် လက်တွေ့ဖြစ်စဉ်များအကြား ကွာဟမှုရှိနေကြောင်းလည်း ဖော်ပြထားပါတယ်။
အလားတူ စစ်ကိုင်းတိုင်း မြောင်နှင့် ချောင်းဦးမြို့နယ်တို့တွင် စစ်တပ်က ဂျက်တိုက်လေယာဉ်နှင့် Y-12 လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်များစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။
ထို့ပြင် မကွေးတိုင်း မြိုင်မြို့နယ်တွင်လည်း စစ်ကောင်စီစစ်ကြောင်းများနှင့် ယာဉ်တန်းများ ရှေ့တိုးဝင်ရောက်လာသဖြင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ဆက်လက်တိမ်းရှောင်နေရကြောင်း သိရပါတယ်။
ဒေသတွင်း တော်လှန်ရေးအင်အားစုများက စစ်ကောင်စီစစ်ကြောင်းများ လှုပ်ရှားနေသည့် နေရာများအနီးရှိ ပြည်သူများအနေဖြင့် လုံခြုံရေးအတွက် အထူးသတိထား၍ နေထိုင်ကြရန် သတိပေးထားပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆက်လက်တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ULA/AA က ထုတ်ပြန်ပြောဆိုထားပါတယ်။
#ULAAA#ရခိုင်ပြည်#လေကြောင်းတိုက်ခိုက်မှု#အရပ်သားထိခိုက်မှု#မြန်မာသတင်း

TNLA တွေ့ဆုံကာ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများ ဆွေးနွေးဟု စစ်တပ် ပြောဆို
ဇူလိုင် ၂၀
The Kaladan Post
စစ်ကောင်စီ၏ NSPNC နှင့် PSLF/TNLA တို့သည် ဇူလိုင် ၁၉ ရက်တွင် နေပြည်တော်၌ ပထမဆုံး အကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဘက်မှ ထုတ်ပြန်ထားပါတယ်။
တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လက်ရှိတွင် ရွေးကောက်ခံအစိုးရ ပေါ်ပေါက်လာပြီ ဖြစ်သဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးများကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
PSLF/TNLA ဒုတိယဥက္ကဋ္ဌ (၁) တားဂျုတ်ဂျားကလည်း အပစ်အခတ်ရပ်တန့်ပြီးနောက် တအာင်းဒေသ တွင် တိုက်ပွဲများ ရပ်တန့်နေကာ ပြည်သူများ၏ အေးချမ်းမှု စတင်ရရှိလာပြီဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲ မှ အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။
နှစ်ဖက်ကိုယ်စားလှယ်များသည် ရက်(၁၀၀) ငြိမ်းချမ်းရေးအစီအစဉ်၊ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်များ အကောင်အထည်ဖော်ရေးနှင့် ဟိုင်ဂင်သဘောတူညီချက် လေးစားလိုက်နာရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ထို့ပြင် ဒေသခံပြည်သူများ၏ လူမှုဘဝ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်သဘောတူညီချက်များကို မှတ်တမ်းတင်ကာ လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြောင်း စစ်ကောင်စီဘက်မှ ထုတ်ပြန်ထားပါတယ်။
#PSLF_TNLA#NSPNC#ငြိမ်းချမ်းရေးဆွေးနွေးပွဲ#တအာင်းဒေသ#မြန်မာသတင်း

စစ်တွေမြို့အနီး တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးဖြင့် ခုခံနေ
ဇူလိုင် ၂၀
The Kaladan Post
ရခိုင်ပြည်နယ် စစ်တွေအနီးတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီးနောက် စစ်တပ်က ဗျူဟာမြောက်နယ် မြေများ လက်မလွှတ်ရရေးအတွက် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ အသုံးပြုကာ ခုခံနေကြောင်း မြေပြင်သတင်းများအရ သိရပါတယ်။
စစ်တပ်သည် ပုဏ္ဏားကျွန်းမြို့နယ်သို့ ပြန်လည်ထိုးစစ်ဆင်ရန် စစ်တွေမြို့မှ စစ်ကြောင်းများနှင့် သံချပ်ကာယာဉ်များကို မင်းချောင်းတံတားအနီးအထိ ရွှေ့ပြောင်းပြင်ဆင်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
AA က ရေချမ်းပြင်ကျေးရွာဘက်တွင် ထိတွေ့တိုက်ပွဲများ ဖော်ဆောင်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်လာပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရပါတယ်။
မြေပြင်သတင်းများအရ AA သည် စစ်တွေမြို့ပတ်ဝန်းကျင်ရှိ နယ်မြေအချို့ကို အနီးကပ်ထိန်းချုပ် ထားပြီး ရေချမ်းပြင်ဒေသသည် စစ်တွေမြို့၏ အရေးပါသော ဆက်သွယ်ရေးလမ်းကြောင်းများကို ဖိအားပေးနိုင်သည့် အနေအထားသို့ ရောက်ရှိနေကြောင်း ဆိုပါတယ်။
ထို့ပြင် ရေချမ်းပြင်နှင့် ကြပ်တောပြင်ဒေသများတွင် အပြန်အလှန်ပစ်ခတ်မှုများနှင့် အနီးကပ်ဝိုင်းရံ ပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်းလည်း မြေပြင်သတင်းများတွင် ဖော်ပြထားပါတယ်။
တိုက်ပွဲများ စစ်တွေမြို့အနီးသို့ ကပ်လာချိန်တွင် စစ်တပ်က လေကြောင်းပစ်ကူအသုံးပြုမှုကို တိုးမြှင့်ခဲ့ပြီး ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်များကိုလည်း ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
#ရခိုင်ပြည်နယ်#စစ်တွေတိုက်ပွဲ#AA#လေကြောင်းတိုက်ခိုက်မှု#မြန်မာသတင်း

မြန်မာ့မြင်းစီးအားကစား လက်ရွေးစင်ရွေးချယ်ရေး FEI Qualification ပြိုင်ပွဲ ကျင်းပမည်ဟု ဆို
ဇူလိုင် ၂၀
The Kaladan Post
မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်က ၂၀၂၇ ခုနှစ် မလေးရှားနိုင်ငံတွင် ကျင်းပမည့် (၃၄) ကြိမ်မြောက် SEA Games အတွက် လက်ရွေးစင်မြင်းစီးအားကစားသမားများ ရွေးချယ်နိုင်ရေး ရည်ရွယ်ပြီး FEI 1 Endurance Qualification (၄၀ ကီလိုမီတာ) အရည်အချင်းစစ်ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဟု ထုတ်ပြန်ထားပါတယ်။
အဆိုပါပြိုင်ပွဲကို နေပြည်တော်မြင်းစီးအားကစားကွင်း၌ နံနက် ၆ နာရီမှ စတင်ကျင်းပမည်ဖြစ်ပြီး Technical Briefing ကို စက်တင်ဘာ ၅ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ပြိုင်ပွဲဝင်အားကစားသမားများနှင့် မြင်းများသည် စက်တင်ဘာ ၂ ရက် နောက်ဆုံးထား ရောက်ရှိရမည် ဖြစ်ပြီး၊ လျှောက်လွှာများကို ဩဂုတ် ၂၄ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံမြင်းစီးအားကစား အဖွဲ့ချုပ်ထံ တင်သွင်းရမည်ဖြစ်ပါတယ်။
စည်းမျဉ်းများအရ ပြိုင်ပွဲဝင်မြင်းများသည် အသက် ၄ နှစ်နှင့်အထက်၊ ကျန်းမာရေးကောင်းမွန်ပြီး Resting Heart Beat ၄၀ အောက်ရှိရမည်ဖြစ်ကာ အားကစားသမားများမှာ အသက် ၁၄ နှစ်နှင့် အထက် ဖြစ်ရမည်ဟု သတ်မှတ်ထားပါတယ်။
ထို့ပြင် လူနှင့်မြင်း (ကုန်းနှီးအပါအဝင်) စုစုပေါင်းအလေးချိန် အနည်းဆုံး ၇၀ ကီလိုဂရမ်ရှိရမည်ဖြစ်ပြီး၊ ပြိုင်ပွဲပြီးဆုံးသည်အထိ သတ်မှတ်ထားသည့် လူနှင့်မြင်းအတွဲကို ပြောင်းလဲခွင့်မပြုကြောင်း ဖော်ပြထားပါတယ်။
#SEAGames2027#မြင်းစီးအားကစား#မြန်မာလက်ရွေးစင်#FEIQualification#အားကစားသတင်း
