ဇူလိုင် ၂၀၊ ၂၀၂၆
The Kaladan Post
ဟန်ဂေရီနိုင်ငံရဲ့ သမိုင်းတစ်လျှောက် အတော်ဆုံး အမျိုးသမီးစတုရင်ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ယူဒစ်ပိုဂါ (Judit Polgar) ကို နိုင်ငံရဲ့ နောက်ထပ်သမ္မတသစ်အဖြစ် တာဝန်ယူပေးဖို့ ဝန်ကြီးချုပ် ပီတာမာဂျာ (Peter Magyar) က ကမ်းလှမ်းလိုက်ပါတယ်။ ဝန်ကြီးချုပ် မာဂျာက အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပိုဂါဟာ နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုနိုင်သူဖြစ်တယ်လို့ ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တနင်္ဂနွေနေ့က ရေးသားဖော်ပြခဲ့တာပါ။ ဝန်ကြီးချုပ်အနေနဲ့ ပိုဂါနဲ့ တနင်္လာနေ့မှာ လူကိုယ်တိုင်တွေ့ဆုံပြီး သမ္မတအဖြစ် အဆိုပြုတာကို လက်ခံမှာလားဆိုတာကို မေးမြန်းသွားဖို့ ရှိနေပါတယ်။
အခုလို သမ္မတသစ်အဖြစ် ပိုဂါကို အဆိုပြုလိုက်တာဟာ လက်ရှိသမ္မတ တားမတ်စ်ဆူယော့ခ် (Tamas Sulyok) ရဲ့ သက်တမ်းကို အဆုံးသတ်စေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကို သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးပြီး တစ်ရက်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် မာဂျာရဲ့ အာဏာရ Tisza ပါတီဟာ ပြီးခဲ့တဲ့ ဧပြီလရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း ဗစ်တာအော်ဘန် (Viktor Orban) ရဲ့ အာဏာစက်တွေကို ဖယ်ရှားဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် မာဂျာက “ကျွန်တော် သူနဲ့ မနက်ဖြန်မှာ တွေ့မှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အတည်မပြုခင်အထိ ကျွန်တော်တို့နိုင်ငံကို အခန်းကဏ္ဍသစ်တစ်ခုကနေ တာဝန်ထမ်းဆောင်ပေးဖို့ အဆင်သင့်ရှိ၊ မရှိ မေးမြန်းသွားမှာဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ၎င်းက “ယူဒစ်ပိုဂါ ဆိုတဲ့ နာမည်ဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပါရမီရှင်နဲ့ ဇွဲလုံ့လကြီးမားသူ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ထပ်တူကျနေတာပါ” လို့လည်း ချီးကျူးစကား ဆိုထားပါတယ်။
ယူဒစ်ပိုဂါဟာ စတုရင်္လောကမှာ အမျိုးသားကစားသမားတွေကိုပါ အနိုင်ကစားနိုင်တဲ့ အဆင့်အထိ တော်သူဖြစ်ပြီး စတုရင်သမိုင်းမှာ Rating ၂၇၀၀ (Super GM) အဆင့်ကို ကျော်ဖြတ်နိုင်တဲ့ တစ်ဦးတည်းသော အမျိုးသမီးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း သူမရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ “Queen of Chess” အမည်ရှိ မှတ်တမ်းတင်ရုပ်ရှင်ကို Netflix မှာ ပြသခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဟန်ဂေရီလွှတ်တော်ဟာ မာဂျာရဲ့ပါတီက သုံးပုံနှစ်ပုံ အသာစီးရထားတာကြောင့် ဥပဒေတွေကို စိတ်ကြိုက်ပြင်ဆင်နိုင်သလို သမ္မတသစ်ကိုလည်း အလွယ်တကူ ရွေးကောက်တင်မြှောက်နိုင်မှာ ဖြစ်ပါတယ်။ ပိုဂါဘက်ကတော့ ဝန်ကြီးချုပ်ရဲ့ ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးဘူးလို့ သိရပါတယ်။
သတင်း Source: Reuters