ဩဂုတ် ၃၁၊ ၂၀၂၆
The Kaladan Post
စစ်မှုထမ်းဥပဒေဖြင့် အင်အားဖြည့်တင်းခြင်း၊ လေကြောင်းတိုက်ခိုက်မှုများနှင့် တရုတ်၏ ဖိအားပေးမှုများကြောင့် လက်လွှတ်ခဲ့ရသည့် မြို့အချို့ကို မြန်မာစစ်တပ်က ပြန်လည် ထိန်းချုပ်လာနိုင်ကြောင်း Al Jazeera သတင်းတွင် ဩဂုတ်လ ၃၀ ရက်နေ့က ဖော်ပြလိုက်ပါတယ်။
ပြီးခဲ့သည့် ဧပြီလတွင် ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်တပ်က ပြန်လည် စိုးမိုးခဲ့ပြီးနောက် မေလနှောင်းပိုင်းတွင် ချင်းပြည်နယ် မြောက်ပိုင်းတစ်ခုလုံးကို စစ်တပ်က ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ISP-Myanmar ၏ အချက်အလက်များအရ စစ်တပ်သည် လက်လွှတ်ခဲ့ရသည့် မြို့ ၁၀၁ မြို့အနက် ၂၂ မြို့ကို ပြန်လည် စိုးမိုးထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ချင်းညီနောင်အဖွဲ့မှ ဆလိုင်းဝီလျံချင်း က “မြို့တစ်မြို့ကို သိမ်းပိုက်တာနဲ့ အဲဒီမြို့ကို ထိန်းချုပ်ထားနိုင်တာဟာ အလွန် ကွဲပြားတဲ့ စိန်ခေါ်မှု နှစ်ခုပါ” ဟု ပြောကြားခဲ့ပါတယ်။ ၎င်းက လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသော်လည်း တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် သင်ယူ ပြုပြင်ပြောင်းလဲလျက် ရှိသည်ဟု ဆိုပါတယ်။
လုံခြုံရေးဆိုင်ရာ လေ့လာသူ အန်ထော်နီ ဒေးဗစ် (Anthony Davis) က စစ်မှုထမ်းဥပဒေကြောင့် စစ်တပ်အတွင်း တပ်ဖွဲ့ဝင် ၁၅၀,၀၀၀ ခန့် တိုးပွားလာခဲ့သလို တရုတ်၏ ဖိအားပေးမှုများကြောင့် MNDAA နှင့် TNLA တို့ တိုက်ပွဲများမှ နှုတ်ထွက်ခဲ့ရကာ စစ်လက်နက် ရောင်းချမှုများ ပြတ်တောက်ခဲ့ရသည်ဟု သုံးသပ်ထားပါတယ်။
Source – Al Jazeera