မတ် ၂၁

The Kaladan Post

စစ်ပွဲတွေကြောင့် ဖြစ်လာတဲ့ ကမ္ဘာ့စွမ်းအင် အကျပ်အတည်းကို ကုစားနိုင်ဖို့အတွက် အမေရိကန်က အီရန်ရေနံတွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတချို့ကို ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့မှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ရေတိုကာလအတွက်ပဲ ရည်ရွယ်ပြီး သေချာရေးဆွဲထားတဲ့ ရေနံဝယ်ယူခွင့်တစ်ခုကို ကြေညာခဲ့တာပါ။ အဲဒီကြေညာချက်အရ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ သင်္ဘောပေါ်တင်ထားပြီးသား ဒါမှမဟုတ် ပင်လယ်ပြင်မှာ ရောက်နေတဲ့ အီရန်ရေနံနဲ့ လောင်စာဆီတွေကို ပြန်ဝယ်ခွင့် ရလာတော့မှာ ဖြစ်ပါတယ်။

အီရန်အပေါ် ကာလရှည်ကြာ ပိတ်ဆို့ထားတဲ့ အမေရိကန်ရဲ့ မူဝါဒကို အခုလို ရုတ်တရက်ကြီး ပြောင်းလဲလိုက်တာဟာ အားလုံးအတွက်တော့ အံ့သြစရာပါပဲ။ ဒါပေမဲ့ ဒီလုပ်ရပ်က လက်ရှိအကျပ်အတည်းကို တကယ်ရော ပြေလည်သွားစေမလား ဆိုတာကတော့ မသေချာသေးပါဘူး။

ဇာတ်လမ်းစတာကတော့ ဖေဖော်ဝါရီလကုန်မှာ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့ချိန်ကနေ စတာပါ။ အဲဒီနောက်မှာ အီရန်က နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာရှိတဲ့ ကမ္ဘာ့စွမ်းအင် တင်ပို့ရေးအတွက် အရေးအကြီးဆုံး ဟောမုဇ်ရေလက်ကြားကို ပိတ်ချလိုက်ပါတယ်။ အဲဒီရဲ့ အကျိုးဆက်ကတော့ နိုင်ငံတကာမှာ ရေနံနဲ့ လောင်စာဆီ ရှားပါးမှုပြဿနာတွေ အကြီးအကျယ် ရိုက်ခတ်လာတာပါပဲ။

ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ အမေရိကန်က အပိုလှောင်ထားတဲ့ ရေနံစည်ပေါင်း သန်းရာချီကို ထုတ်သုံးခဲ့သလို၊ ရုရှားရေနံအပေါ် ပိတ်ဆို့ထားတာတွေကိုလည်း အကန့်အသတ်နဲ့ ဖြေလျှော့ပေးခဲ့ပါတယ်။ အခုတစ်ခါမှာတော့ အီရန်ရေနံတွေကိုပါ အလားတူ ထပ်ပြီး ဖြေလျှော့ပေးလာတဲ့ သဘောပါ။

အခုဖြေလျှော့မှုအရ ပင်လယ်ပြင်နဲ့ သင်္ဘောတွေပေါ်မှာ ရောက်နေတဲ့ အီရန်ရေနံတွေကို ရက်ပေါင်း ၃၀ ကြာ နိုင်ငံတကာက ဝယ်ယူခွင့်ရမှာဖြစ်ပြီး ဧပြီလ ၁၉ ရက်နေ့အထိ သက်တမ်း သတ်မှတ်ထားပါတယ်။ ဘဏ္ဍာရေးဝန်ကြီး ဘက်ဆန့်က “ဒီလို ဆုံးဖြတ်လိုက်တာကြောင့် နိုင်ငံတကာ ဈေးကွက်ထဲကို ရေနံစည်ပေါင်း သန်း ၁၄၀ ကျော်လောက် ချက်ချင်း ရောက်သွားနိုင်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သူက “အခုလို ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်တာဟာ စွမ်းအင်လိုအပ်ချက် ကြီးမားနေတဲ့ အိန္ဒိယ၊ ဂျပန်နဲ့ မလေးရှားတို့လို နိုင်ငံတွေအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ” လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ဘယ်လိုလုပ်မလဲ၊ ရေနံရောင်းရတဲ့ ပိုက်ဆံတွေက အီရန်အစိုးရဆီ ရောက်သွားမလား ဆိုတာတွေကိုတော့ သူက အသေးစိတ် မှတ်ချက်မပေးခဲ့ပါဘူး။

စစ်ရေးသုတေသီ တချို့ကတော့ “အမေရိကန်က အီရန်ကို ရေနံပြန်ရောင်းခွင့် ပေးလိုက်တာဟာ ရလာတဲ့ ပိုက်ဆံတွေကို အီရန်က စစ်ပွဲမှာ ပြန်သုံးလိမ့်မယ်” လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

ကမ္ဘာတစ်လွှားမှာ တစ်နေ့ကို ရေနံစည်ပေါင်း သန်း ၁၀၀ လောက် သုံးစွဲနေကြပြီး အဲဒီအထဲက ငါးပုံတစ်ပုံလောက်ဟာ ဟောမုဇ်ရေလက်ကြားကနေ ဖြတ်သန်းပို့ဆောင်နေရတာပါ။ အီရန်ကတော့ စစ်ပွဲစကတည်းက အဲဒီရေလက်ကြားကို ပိတ်ထားမယ်လို့ ကြေညာခဲ့ပြီး ဖြတ်သွားဖြတ်လာလုပ်တဲ့ ရေနံတင်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ကိုးကား: AFP
ဓာတ်ပုံ – Reuters