KNU/KNLA နှင့် ထိုင်းဖျော်ဖြေရေးလုပ်ငန်း ဆက်နွှယ်မှုဆိုသည့် စွပ်စွဲချက်များကို KNU ငြင်းဆို
ဇူလိုင် ၁၀
The Kaladan Post
ကရင်အမျိုးသားအစည်းအရုံး (KNU) က KNLA သည် ထိုင်းနိုင်ငံရှိ ဖျော်ဖြေရေးလုပ်ငန်းများနှင့် ဆက်နွှယ်နေသည်ဆိုသည့် မီဒီယာဖော်ပြချက်များမှာ မဟုတ်မမှန်ကြောင်း ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး အများပြည်သူအကြား အထင်အမြင်လွဲမှားမှု မဖြစ်စေရန် ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့က ရှင်းလင်း ထုတ်ပြန်ခဲ့ပါတယ်။
KNLA သည် KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ကရင်ပြည်မှာ သီးခြားလက်နက်ကိုင်တပ်ဖွဲ့များစွာ ရှိကြောင်း ထို့ကြောင့် ကရင်လူမျိုးဖြစ်ခြင်း သို့မဟုတ် အခြားအဖွဲ့များနှင့် ဆက်နွှယ်သည်ဆိုသည့် စွပ်စွဲချက်တစ်ခုတည်းဖြင့် KNLA နှင့် ပတ်သက်သည်ဟု သတ်မှတ်၍ မရကြောင်း ဆိုထားပါတယ်။
KNLA နှင့် ပတ်သက်သည်ဟု ဆိုလိုပါက အဖွဲ့ဝင်ဖြစ်ကြောင်း အထောက်အထား၊ တာဝန်ပေးအပ်မှု သို့မဟုတ် တရားဝင်ဆက်နွှယ်မှုကို ပြသနိုင်သည့် ခိုင်လုံသော သက်သေအထောက်အထားများ လိုအပ်ကြောင်း KNU က တောင်းဆိုထားပါတယ်။
ထို့ကြောင့် ထိုင်းအာဏာပိုင်များအနေဖြင့် ခိုင်လုံသော သက်သေများရှိပါက KNU နှင့် တရားဝင် ဆက်သွယ်လာနိုင်ပြီး မိမိတို့၏ လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ စိစစ်ခြင်းနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း အသိပေးထားပါတယ်။
KNU-KNLA သည် ထိုင်းနိုင်ငံရှိ မည်သည့် ဖျော်ဖြေရေးလုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်းများနှင့်မျှ ပတ်သက်မှုမရှိသလို အဖွဲ့အစည်းအတွက် ငွေကြေးရှာဖွေရန် ထိုသို့သော လုပ်ငန်းများ လုပ်ကိုင်သည့် မူဝါဒလည်း လုံးဝမရှိကြောင်း ပြောဆိုထားပါတယ်။
ထို့ပြင် မူးယစ်ဆေးဝါးကုန်ကူးမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် အခြားနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို အားပေးခြင်း သို့မဟုတ် အကာအကွယ်ပေးသည့် မူဝါဒမရှိကြောင်းလည်း KNU က ထပ်လောင်းရှင်းလင်းထားပါတယ်။
KNU က ခိုင်လုံသော သက်သေမရှိဘဲ စွပ်စွဲချက်များကို အဖွဲ့အစည်းနှင့် ချိတ်ဆက်ဖော်ပြခြင်းသည် KNU နှင့် KNLA ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ကြောင်း သတိပေးထားပြီး အပြန်အလှန်လေးစားမှု အပေါ် အခြေခံ၍ ထိုင်းအာဏာပိုင်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုထားပါတယ်။
အဖွဲ့အစည်း၏ အမည်ကို အလွဲသုံးစားလုပ်ခြင်း မဖြစ်စေရေးနှင့် ဒေသတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် သတင်းအချက်အလက် ဖလှယ်ကာ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU က အတည်ပြုထုတ်ပြန်ထားပါတယ်။
#KNU#KNLA#ထိုင်းနိုင်ငံ#သတင်းထုတ်ပြန်ချက်#ကရင်အမျိုးသားအစည်းအရုံး

စစ်ကိုင်း-မုံရွာလမ်းပိုင်းရှိ စစ်ယာဉ်တန်း လုံခြုံရေးတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၉ ဦး ဒဏ်ရာရ
ဇူလိုင် ၁၀
The Kaladan Post
လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က စစ်ကိုင်းမြို့ တပ်မ(၃၃)မှ မုံရွာ နမခသို့ သွားသည့် စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးယူပေးခဲ့သည့် တပ်ဖွဲ့ဝင်များအား လာရောက်ခေါ်ဆောင်သော အိမ်စီးကား ၂ စီးကို စစ်ကိုင်း-ကုန်းရွာကြား မန်ကျည်းပင်ကွေ့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် အိမ်စီးကား ၂ စီးလုံး မိုင်းထိမှန်ခဲ့ပြီး အနက်ရောင်ကားတစ်စီးမှာ လုံးဝ ပျက်စီးသွားကာ စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုများလည်း ရှိနိုင်ကြောင်း အဖွဲ့က ပြောဆိုထားပါတယ်။
ထို့ပြင် စစ်ကိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးရုံးကိုလည်း ဇွန်လ ၅ ရက်က ပါဆယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်မှုထမ်းရန် အသက်မပြည့်သူများ၏ အချက်အလက်များကို ပြုပြင် ဆောင်ရွက်ပေးနေသဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားပါတယ်။ အဆိုပါပေါက်ကွဲမှုကြောင့် နိုင်ငံ့ဝန်ထမ်း (၆) ဦးနှင့် မှတ်ပုံတင်လာလုပ်သူ (၁၃)ဦး စုစုပေါင်း (၁၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း စစ်တပ်က ဇူလိုင်လ ၆ ရက်နေ့က အသိပေးထားပါတယ်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများအား စစ်ကိုင်းမြို့ ခုတင် (၃၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသလျက်ရှိကြောင်း စစ်တပ်ဘက်က ပြောဆိုထားပါတယ်။
စစ်ကောင်စီ၏ လုပ်ငန်းယန္တရားတွင် ပါဝင်ကူညီနေသည့် ဌာနဆိုင်ရာရုံးများကို ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟုလည်း အသိပေးထုတ်ပြန်ထားပါတယ်။
#စစ်ကိုင်း#မုံရွာ#လင်းယုန်ညီနောင်#စစ်ကောင်စီ#သတင်းထုတ်ပြန်ချက်

လားရှိုးနှင့် အင်းတော်တွင် တိုက်ခိုက်မှုများကြောင့် အရပ်သား ၃ ဦး သေဆုံး
ဇူလိုင် ၁၀
The Kaladan Post
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အတွင်းသို့ ရှော့ခ်တိုက်ဒုံး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ရပ်ကွက် (၁၀) တွင် နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဒုံးကျည်များကို မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ကို အတည်မပြုနိုင်သေးကြောင်း SSPP Info က ပြောဆိုထားပါတယ်။
အဆိုပါ ရှော့ခ်တိုက်ဒုံးများအနက် အချို့မှာ စစ်တပ်တပ်စခန်းများအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အခြားဒုံးများမှာ လူနေရပ်ကွက်နှင့် နေအိမ်များအနီးသို့ ကျရောက်ခဲ့ကာ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း အသိပေးထားပါတယ်။
ထို့အပြင် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ကမ်းနီကျေးရွာအနီး လယ်တောအတွင်း အလုပ်လုပ်နေ သည့် ပြည်သူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၇၀ အရွယ် ဦးဂျာနှင့် အသက် ၄၀ ကျော်အရွယ် ဦးနေအောင်တို့ သားအဖ ၂ ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒေသတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည့်အတွက် အင်းတော်နှင့် မော်လူးအနီး ကားလမ်း အချို့ ပိတ်ဆို့နေပြီး ဒေသခံများနှင့် ခရီးသွားပြည်သူများအနေဖြင့် စစ်ရေးအခြေအနေများကို အထူးသတိပြု၍ သွားလာကြရန် ဒေသတင်းရင်းမြစ်က သတိပေးထားပါတယ်။
#လားရှိုး#အင်းတော်#လေကြောင်းတိုက်ခိုက်မှု#အရပ်သားထိခိုက်မှု#စစ်ရေးသတင်း

ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ရရှိသူ မင်းအောင်လှိုင် ထိန်းချုပ်နယ်မြေတွင် ပြည်သူများတန်းစီနေ
ဇူလိုင် ၁၀
The Kaladan Post
ရန်ကုန်နှင့် မန္တလေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်အများစုတွင် ဆီဝယ်ယူရန် ပြည်သူများ ပြန်လည် တန်းစီနေရပြီး ဆီဈေးနှုန်းများ လျှော့ချထားသော်လည်း ဆီခွဲတမ်း မလုံလောက်သဖြင့် အချို့ဆိုင်များ တွင် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
မန္တလေးမြို့တွင် စက်သုံးဆီဆိုင်အများအပြား “ဆီပြတ်” ဟု ကြေညာကာ အရောင်းရပ်နားထားသော် လည်း ပြင်ပမှောင်ခိုဈေးကွက်တွင် 92 ဓာတ်ဆီ တစ်လီတာ ကျပ် ၈,၀၀၀ ခန့်ဖြင့် ရောင်းချနေပြီး တရားဝင်ရည်ညွှန်းဈေးထက် နှစ်ဆကျော် မြင့်တက်နေကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။
ရန်ကုန်မြို့တွင်လည်း ဆီဆိုင်များရှေ့၌ ယာဉ်တန်းများ ပြန်လည်ရှည်လျားလာပြီး ဆီဝယ်ယူရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း ယာဉ်မောင်းများက ပြောကြားထားပါတယ်။
ဇူလိုင် ၁၀ ရက် ရည်ညွှန်းဈေးနှုန်းများအရ 92 နှင့် 95 ဓာတ်ဆီဈေးနှုန်းများ လျှော့ချထားသော်လည်း လက်တွေ့ဈေးကွက်တွင် ဆီရရှိမှု မလုံလောက်သဖြင့် ပြည်သူများအတွက် အခက်အခဲများ ဆက်လက် ဖြစ်ပေါ်နေပါတယ်။
စက်သုံးဆီလုပ်ငန်းရှင်များက ပြည်ပမှ တင်သွင်းသည့် ဆီခွဲတမ်း လျော့နည်းလာခြင်းကြောင့် ဆီဖြန့်ဝေ ပမာဏ မလုံလောက်ဘဲ ဝယ်လိုအားနှင့် မမျှတသည့် အခြေအနေဖြစ်နေသည်ဟု ပြောဆိုထားပါတယ်။
စစ်ကောင်စီသည် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရန် စက်သုံးဆီတင်သွင်းမှုများကို ကန့်သတ်ပြီး လျှပ်စစ် ကား (EV) အသုံးပြုမှုကို မြှင့်တင်သည့် မူဝါဒများကို ဆက်လက်အကောင်အထည်ဖော်နေကြောင်း သိရပါတယ်။
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စစ်ကော်မရှင်ထိန်းချုပ် ရန်ကုန်တက္ကသိုလ်မှ မင်းအောင်လှိုင် အား ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ ပေးအပ်ခဲ့သလို အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ထဲတွင် မင်းအောင်လှိုင်အနေဖြင့် သတိုးသီရိသုဓမ္မဘွဲ့နှင့် သတိုးမဟာသရေစည်သူဘွဲ့ စသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ဘွဲ့ကိုလည်း သူ့ကိုယ်သူ ပြန်ပေးထားဖူးကြောင်းလည်း သိရပါတယ်။
#စက်သုံးဆီ#ရန်ကုန်#မန္တလေး#ဆီပြတ်လပ်မှု#စီးပွားရေးသတင်း

ရခိုင်နှင့် ပလက်ဝဒေသတွင် ရေကြီးရေလျှံမှု ဆိုးရွားနေ
ဇူလိုင် ၁၀
The Kaladan Post
ရခိုင်ပြည်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ် များနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာအများအပြား ရေကြီးရေလျှံနေပြီး ရေဘေးအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း HDCO က အသိပေးထားပါတယ်။
လက်ရှိအချိန်တွင် ရပ်ကွက်နှင့် ကျေးရွာ ၇၀ ကျော် ရေဝင်ရောက်နေပြီး ပလက်ဝမြို့နယ်ရှိ ကျေးရွာ အများအပြား ရေနစ်မြှုပ်ကာ ဒေသခံများမှာ ကုန်းမြင့်ပိုင်းများသို့ ယာယီတဲထိုး၍ တိမ်းရှောင်နေ ကြရပြီး စားနပ်ရိက္ခာနှင့် မိုးကာပစ္စည်းများ အရေးပေါ်လိုအပ်နေပါတယ်။
ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရခိုင်ဒေသတွင် လူ ၃ ဦး သေဆုံးခဲ့ပြီး လမ်း၊ တံတားများ ပျက်စီးခြင်း၊ မြေပြိုမှုများ ဖြစ်ပွားနေသလို သွားလာရေးလမ်းကြောင်းများလည်း ပြတ်တောက်နေ ကြောင်း သိရပါတယ်။
HDCO က အဆိုပါဒေသများကို ရေဘေးကူညီရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်သွားမည် ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အကူအညီပေးရေးအဖွဲ့များကို ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားပါတယ်။
ရေဘေးသင့်ဒေသခံများအနေဖြင့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် အဆိပ်ရှိသတ္တဝါများ၏ အန္တရာယ်ကို အထူးသတိပြုကြရန်နှင့် လိုအပ်သည့် အရေးပေါ်အကူအညီများကို သက်ဆိုင်ရာအဖွဲ့အစည်းများထံ အချိန်မီ အသိပေးဆက်သွယ်ရန် နှိုးဆော်ထားပါတယ်။
မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် ရခိုင်နှင့် ပလက်ဝဒေသများတွင် ရေဘေးအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက သတိပေးထားပါတယ်။
#ရခိုင်ရေဘေး#ပလက်ဝ#ရေကြီးရေလျှံမှု#အရေးပေါ်ကူညီရေး#သဘာဝဘေးသတင်း

တစ်လအတွင်း စစ်သား ၄၆၇ ဦး အလင်းဝင်နှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရ
ဇူလိုင် ၁၀
The Kaladan Post
ပြည်သူ့ပန်းတိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် အလင်းဝင်ပူးပေါင်းသူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၄၆၇ ဦး ရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါစာရင်းတွင် အလင်းဝင်ပူးပေါင်းလာသူ ၂၄ ဦး ပါဝင်ပြီး စစ်သား ၂၃ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ဖြစ်ကာ စစ်သား ၆ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဇွန်လအတွင်း လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်သား ၁၂၀ ဦးရှိပြီး မကွေးတိုင်းဒေသကြီးတွင် အများဆုံး ၁၀၀ ဦးအထိ ရှိခဲ့ကြောင်း သိရပါတယ်။
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၃၂၃ ဦးရှိပြီး ယင်းအထဲတွင် စစ်သား ၂၃၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် ပြည်သူ့စစ် ၉၁ ဦး ပါဝင်ကာ ရခိုင်ပြည်နယ်တွင် အများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ပြည်သူ့ပန်းတိုင်၏ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဇွန်လအထိ အလင်းဝင် ပူးပေါင်းသူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၃,၆၇၈ ဦးအထိ ရှိခဲ့ကြောင်း သိရပါတယ်။
#ပြည်သူ့ပန်းတိုင်#အလင်းဝင်ပူးပေါင်းမှု#စစ်သုံ့ပန်း#လက်နက်ချ#မြန်မာ့နိုင်ငံရေးသတင်း

စစ်တောင်းမြစ်အရှေ့ခြမ်း ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၁ ဦး သေဆုံး
ဇူလိုင် ၁၀
The Kaladan Post
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စည်ပိုင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၄၀ အရွယ် ဒေသခံတစ်ဦး သေဆုံးပြီး နေအိမ်လည်း ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။
စစ်တောင်းမြစ်အရှေ့ခြမ်းရှိ ပြည်သူများအား လေကြောင်းရန်ကို အထူးသတိပြုနေထိုင်ကြရန် ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထပ်မံသတိပေးထားပါတယ်။
အလားတူ ယမန်နေ့ကလည်း မင်းတပ်မြို့နယ်အတွင်း စစ်တပ်က ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များဖြင့် ဗုံးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရပါတယ်။
ထို့ပြင် ပဲခူးတိုင်း၊ မုန်းမြို့နယ် နိုကလော်ကျေးရွာအနီးတွင် စစ်တပ်က ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံအရပ်သား ၂ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း KNU က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူနှစ်ဦးမှာ ကျေးရွာသို့ ပြန်လာစဉ် မြေမြှုပ်မိုင်းကို မတော်တဆ နင်းမိခဲ့ခြင်းဖြစ်ပြီး တစ်ဦးမှာ နေရာတွင်ပင် သေဆုံးကာ နောက်တစ်ဦးမှာ ဆေးကုသမှုခံယူနေစဉ် ထပ်မံသေဆုံးခဲ့ကြောင်း သိရပါတယ်။
KNU က စစ်တပ်ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကြောင့် အရပ်သားပြည်သူများ၏ နေ့စဉ်ဘဝနှင့် လုံခြုံရေးကို ဆက်လက်ခြိမ်းခြောက်နေပြီး အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ပြောဆိုထားပါတယ်။
#ပဲခူးတိုင်း#ရေတာရှည်#လေကြောင်းတိုက်ခိုက်မှု#မြေမြှုပ်မိုင်း#အရပ်သားထိခိုက်မှု

တောင်သာရွာနှင့် စမ်းစုရွာကြား တိုက်ပွဲတွင် PDF အလောင်း ၂၀ ရရှိဟု စစ်တပ် ပြောဆို
ဇူလိုင် ၁၀
The Kaladan Post
မကွေးတိုင်း၊ ချောက်မြို့နယ် တောင်သာကျေးရွာနှင့် စမ်းစုကျေးရွာကြားတွင် ရဲကွန်မန်ဒိုစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရန် ပြင်ဆင်နေသည့် PDF တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်၏ တန်ပြန်ပိတ်ဆို့ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ကြောင်း ဒေသကာကွယ်ရေးသတင်းရင်းမြစ်များက ပြောကြားထားပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ကျဆုံးမှုများရှိခဲ့ပြီး လက်နက်အချို့လည်း ဆုံးရှုံးခဲ့ကြောင်း ပြောဆိုထားပါတယ်။
ဒေသခံသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ လတ်တလောတွင် PDF တပ်ဖွဲ့ဝင် အနည်းဆုံး ၉ ဦးခန့် ကျဆုံးခဲ့ကြောင်း သိရသော်လည်း အရေအတွက်မှာ ဆက်လက်ပြောင်းလဲနိုင်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ဆိုပါတယ်။
စစ်ကောင်စီနှင့် ဆက်နွယ်သည့် တယ်လီဂရမ်ချန်နယ်အချို့တွင် ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြိုနယ်နှင့် ချောက်မြိုနယ်ကြား တောင်သာရွာနှင့် စမ်းစုရွာကြား တိုက်ပွဲ၌ အကြမ်းဖက် PDF အလောင်း ၂၀ အသေ၊ ရိုင်ဖယ် ၁၉ လက်၊ စနိုက်ပါ ၁ လက်နှင့် ကျည်ရာနဲ့ချီ တိုကို ရဲကွန်မန်ဒို တပ်ခွဲ ၁ စစ်ကြောင်း က ရရှိခဲ့တယ်လို့ဆိုထားပါတယ်။
ဒီဖြစ်စဥ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများ၏ တရားဝင် ထုတ်ပြန်ချက် စောင့်ကြည့်ရန်နှင့် သတင်းအတည်ပြုနိုင်ရေး The Kaladan Post အနေဖြင့် ဆက်လက်ကြိုးစားနေပါတယ်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှင့် ဒရုန်းများအသုံးပြု၍ လေကြောင်းမှ ဆက်လက်တိုက်ခိုက်ခဲ့ရာ တောင်သာ၊ စမ်းစု၊ မြေပဒုံ၊ ကြပ်ကန်နှင့် ဆူးတောကျေးရွာ များမှ ဒေသခံ ၁,၀၀၀ ထက်မနည်း စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
#ချောက်မြို့နယ်#မကွေးတိုင်း#PDF#စစ်ဘေးရှောင်#မြန်မာ့စစ်ရေးသတင်း

မလှိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ် ၁၀ ဦး သေဆုံး
ဇူလိုင် ၁၀
The Kaladan Post
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် တပ်မ ၉၉ ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး လက်နက် ၆ လက်နှင့် ခဲယမ်း အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရပါတယ်။
ပန်းအိုင်ကျေးရွာနှင့် ကျောက်တွင်းကျေးရွာကြားတွင် ၁၅ ရက်ခန့်ကြာ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အလောင်းများ၊ ဒဏ်ရာရသူများနှင့် ရိက္ခာ၊ ခဲယမ်းများကို စွန့်ပစ်ကာ ဆုတ်ခွာသွားခဲ့ကြောင်း သိရပါတယ်။
တိုက်ပွဲအတွင်း တပ်မ ၉၉ လက်မောင်းတံဆိပ်ပါ စစ်သား ၄ ဦး၏ ရုပ်အလောင်းများကို မျက်မြင်တွေ့ရှိခဲ့ပြီး ပန်းအိုင်ကျေးရွာအတွင်း ထပ်မံသေဆုံးသူများရှိသဖြင့် စုစုပေါင်း သေဆုံးသူ ၁၀ ဦးခန့်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောဆိုထားပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်များသည် RPG ၁ လက်၊ MA-1 ၂ လက်၊ MA-2 ၁ လက်၊ MA-3 ၂ လက် အပါအဝင် လက်နက် ၆ လက်နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း၊ မိတ္ထီလာခရိုင် အမှတ် (၂) တပ်ရင်း၊ မိတ္ထီလာခရိုင် ပကဖ၊ မလှိုင်မြို့နယ် ပကဖ၊ စဉ့်ကိုင်မြို့နယ် ပကဖ နှင့် မိတ္ထီလာမြို့နယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိထားပါတယ်။ #မလှိုင်မြို့နယ်#မြင်းခြံခရိုင်တပ်ရင်း၁#မန္တလေးတိုင်း#တော်လှန်ရေးပူးပေါင်းတပ်#စစ်ရေးသတင်း
