ဇွန် ၁၃၊ ၂၀၂၆
The Kaladan Post
 
ဆိုမာလီလန်း (Somaliland) အနေနဲ့ နိုင်ငံတကာဆက်ဆံရေးကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပြီး တရုတ်နဲ့ ဆိုမာလီယာနိုင်ငံတို့ရဲ့ ဖိအားပေးမှုတွေဟာ ထိုင်ဝမ်နဲ့ သူတို့ကြားက ချစ်ကြည်ရေးကို ပျက်ပြားအောင် လုပ်နိုင်မှာမဟုတ်ဘူးလို့ ဆိုမာလီလန်း ထိပ်တန်းသံတမန်က ဇွန်လ ၁၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
 
ဒီကနေ့ တိုင်ပေမြို့မှာ ပြုလုပ်တဲ့ ဆိုမာလီလန်း ကိုယ်စားလှယ်ရုံးအသစ် ဖွင့်လှစ်ပွဲ အခမ်းအနားမှာ ထိုင်ဝမ်ရှိ ဆိုမာလီလန်းကိုယ်စားလှယ် မာမွတ်အာဒမ်ဂျားမားဂါလား (Mahmoud Adam Jama Galaal) က အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားကို ထိုင်ဝမ် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဖရန်ကွိုက်ဝူး (Francois Wu) လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
 
အာဖရိကဦးချိုဒေသ (Horn of Africa) မှာ မဟာဗျူဟာကျကျ တည်ရှိတဲ့ ဆိုမာလီလန်းဟာ ၁၉၉၁ ခုနှစ်ကတည်းက ဆိုမာလီယာနိုင်ငံကနေ ခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ငြိမ်းချမ်းစွာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ထိုင်ဝမ်နဲ့ ဆိုမာလီလန်း နှစ်နိုင်ငံစလုံးဟာ နိုင်ငံတကာ အသိအမှတ်ပြုမှု အကန့်အသတ်နဲ့သာ ရှိနေကြပြီး ၂၀၂၀ ပြည့်နှစ်မှာ အပြန်အလှန် ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်ခဲ့ကြတာလို့ ဆိုပါတယ်။
 
“ကျွန်တော်တို့ ဘယ်သူနဲ့ ဆက်ဆံရေးထူထောင်မလဲဆိုတာကို ကိုယ်တိုင်ရွေးချယ်ခွင့် ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အခွင့်အာဏာဖြစ်ပြီး သူတို့ရဲ့ ဖိအားပေးတဲ့ နည်းဗျူဟာတွေဟာ အောင်မြင်မှာ မဟုတ်ပါဘူး” လို့ ဂါလားက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ၎င်းက ထိုင်ဝမ်ဟာ သူတို့အတွက် အလွန်အရေးပါတဲ့ မဟာမိတ်ဖြစ်တယ်လို့လည်း အမွှန်းတင် ပြောကြားသွားပါတယ်။
ဘေဂျင်း (တရုတ်) နဲ့ မိုဂါဒါရှုး (ဆိုမာလီယာ) တို့က ဆိုမာလီလန်းကို ထိုင်ဝမ်နဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ ဖိအားပေးနေတဲ့အပေါ် ဂါလားကတော့ “ဆိုမာလီလန်းက နိုင်ငံရေးပါတီအားလုံးဟာ ဒီဖိအားတွေကို အလျှော့မပေးဖို့ တစ်စိတ်တစ်ဝမ်းတည်း ရှိနေကြပါတယ်” လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဆိုမာလီလန်းအစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ ဘယ်လို ဆက်သွယ်မှုမျိုးမှ မရှိခဲ့ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
 
တရုတ်နိုင်ငံဟာ အာဖရိကတိုက်မှာ ထိုင်ဝမ်နဲ့ သံတမန်ရေး ဆက်သွယ်ထားတဲ့ နိုင်ငံတွေကို နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးပြီး ထိုင်ဝမ်ကို အထီးကျန်အောင် လုပ်ဆောင်နေတဲ့ကြားကပဲ ဆိုမာလီလန်းက အခုလို ရုံးသစ်ဖွင့်လှစ်ပြီး ဆက်ဆံရေးကို တိုးမြှင့်လိုက်တာ ဖြစ်တယ်လို့ သိရှိရပါတယ်။
 
Source: Reuters