ဇွန် ၁၇၊ ၂၀၂၆
The Kaladan Post
တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ဒေသတွေမှာ အရပ်သားတွေ သွားလာခွင့် ကန့်သတ်ထားတဲ့မျဉ်းကို ပြောင်းလဲသတ်မှတ်ပြီး ကန့်သတ်နယ်မြေကို လျှော့ချပေးတော့မယ်လို့ သိရပါတယ်။
လက်ရှိမှာ “အရပ်သားထိန်းချုပ်ရေးမျဉ်း” (Civilian Control Line) ဟာ စစ်မဲ့ဇုန်နယ်စပ်မျဉ်း (MDL) ရဲ့ တောင်ဘက် ၁၀ ကီလိုမီတာအကွာအထိ ရှိနေတာပါ။ အခုပြင်ဆင်လိုက်တဲ့ အစီအစဉ်အရတော့ အဲဒီမျဉ်းကို နယ်စပ်နဲ့ ပျမ်းမျှ ၆ ကီလိုမီတာအကွာအထိ တိုးကပ်လိုက်မှာဖြစ်တဲ့အတွက် အရပ်သားတွေ သွားလာနိုင်တဲ့နေရာ ပိုမိုကျယ်ပြန့်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအပြောင်းအလဲဟာ နယ်စပ်ဒေသခံတွေရဲ့ နှစ်ရှည်လများ တောင်းဆိုချက်ကို တုံ့ပြန်ပေးတာဖြစ်သလို၊ တောင်ကိုရီးယားရဲ့ ကာကွယ်ရေးအသင့်ရှိမှုစွမ်းရည် တိုးတက်လာတာကြောင့် အခုလို လုပ်ဆောင်နိုင်တာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Ahn Gyu-back က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ “ဒေသခံပြည်သူတွေရဲ့ အဆင်ပြေချောမွေ့မှုနဲ့ ပြောင်းလဲလာတဲ့ လုံခြုံရေးပတ်ဝန်းကျင်ကို ထင်ဟပ်စေဖို့ အခုလို ပြောင်းလဲသတ်မှတ်ရတာ ဖြစ်ပါတယ်” လို့ ဝန်ကြီးက ဆိုပါတယ်။
လက်ရှိမှာ အဆိုပါ ကန့်သတ်နယ်မြေအတွင်း လူဦးရေ ၂၀,၀၀၀ နီးပါး နေထိုင်နေကြပြီး၊ အခြားသူတွေကလည်း စိုက်ပျိုးရေးနဲ့ လုပ်ငန်းခွင်တွေအတွက် စစ်ဘက်ရဲ့ တရားဝင်ခွင့်ပြုချက်ယူပြီးမှ ဝင်ထွက်နေကြရတာပါ။ အခုဆိုရင် လယ်ယာသုံး ဒရုန်းတွေ ပျံသန်းဖို့အတွက် သတင်းပို့ရတဲ့ လုပ်ငန်းစဉ်တွေကိုလည်း အရင်ကထက် ပိုမိုဖြေလျှော့ပေးသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က တက်လာတဲ့ သမ္မတ လီဂျေမြောင်ရဲ့ လစ်ဘရယ်အစိုးရဟာ မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ လျှော့ချဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားဘက်ကတော့ အိမ်နီးချင်း တောင်ကိုရီးယားအပေါ် ရန်လိုတဲ့ သဘောထားတွေကို ဆက်လက်ပြသနေဆဲ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
Source: Reuters (Jack Kim)