ဇွန် ၂၆၊ ၂၀၂၆
The Kaladan Post
ဗင်နီဇွဲလားနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းက အတွဲလိုက်လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၂ နဲ့ ၇ ဒသမ ၅ အဆင့်ရှိ အမွှာငလျင်ကြီးနှစ်ခုကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၃၅ ဦးထက်မနည်း ရှိလာပြီဖြစ်ပါတယ်။ လက်ရှိမှာ အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက အပူတပြင်း ဆက်လက်ရှာဖွေနေကြပါတယ်။
ဒီငလျင်ကြီးတွေဟာ ဗင်နီဇွဲလားနိုင်ငံ မြောက်ပိုင်းကမ်းရိုးတန်းအနီးကို ဗဟိုပြုပြီး စက္ကန့်ပိုင်းအကွာအဝေးအတွင်း ဆက်တိုက်လှုပ်ခတ်ခဲ့တာပါ။ ငလျင်ဗဟိုချက်နဲ့ ကီလိုမီတာ ၁၀၀ ကျော် ကွာဝေးတဲ့ မြို့တော် ကာရာကပ်စ် (Caracas) အပါအဝင် ကျယ်ပြန့်တဲ့ ဒေသအနှံ့အပြားမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါ ငလျင်နှစ်ခုစလုံးဟာ မြေတိမ်ငလျင်တွေဖြစ်ပြီး ပထမငလျင်က မြေအောက်အနက် ကီလိုမီတာ ၂၀ ခန့်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ကာ၊ ပိုမိုပြင်းထန်တဲ့ ဒုတိယငလျင်ကတော့ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာကြောင့် မြေမျက်နှာပြင်ပေါ်က အဆောက်အအုံတွေကို ပိုမိုဆိုးရွားစွာ ပျက်စီးစေခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းအထိ ရရှိထားတဲ့ အချက်အလက်တွေအရ ငလျင်ကြောင့် သေဆုံးသူ ၂၃၅ ဦးနဲ့ ဒဏ်ရာရရှိသူ ၁,၅၀၀ ကျော်အထိ ရှိလာခဲ့ပြီဖြစ်ပြီး ဒီကိန်းဂဏန်းတွေဟာ လာမယ့်ရက်ပိုင်းတွေအတွင်း ဆက်လက်မြင့်တက်လာနိုင်သေးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ယူဆထားကြပါတယ်။ ကနဦးစာရင်းတွေအရ အဆောက်အအုံ ၂၅၀ ကျော် လုံးဝပြိုကျပျက်စီးခဲ့ပြီး၊ ဆက်လက်နေထိုင်ဖို့ မသင့်တော်တော့တဲ့ အဆောက်အအုံတွေလည်း အများအပြား ရှိနေသေးတယ်လို့ သိရပါတယ်။ ပြိုကျသွားတဲ့ အဆောက်အအုံတွေရဲ့ အပျက်အစီးပုံတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတွေ ရှိနေနိုင်သေးတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်လုပြီး လုပ်ဆောင်နေကြပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး [အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)] က “ငလျင်နှစ်ခုကြောင့် ဖြစ်ပွားတဲ့ ထိခိုက်ပျက်စီးမှုတွေဟာ အတိုင်းအတာ ကျယ်ပြန့်လွန်းပါတယ်။ ဒါကြောင့် လူ ၁၀,၀၀၀ ကျော် သေဆုံးနိုင်ခြေ ၄၂ ရာခိုင်နှုန်းရှိပြီး၊ လူ ၁၀၀,၀၀၀ ကျော်အထိ သေဆုံးနိုင်ခြေ ၃၃ ရာခိုင်နှုန်းအထိ အလားအလာ ရှိနေပါတယ်။” လို့ စိုးရိမ်ဖွယ်ရာ သုံးသပ်ချက်တစ်ခုကို ထုတ်ပြန်ထားပါတယ်။
ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွတ်ဇ် (Delcy Rodríguez) က နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ငလျင်ဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ မြောက်ပိုင်းဒေသတွေကို သဘာဝကပ်ဘေးသင့်နယ်မြေတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ နိုင်ငံတကာကလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးပို့ဖို့ ကတိပြုထားကြပြီး၊ အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ သန်း ၁၅၀ ထောက်ပံ့ကူညီသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်စစ်တပ်ကလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီပေးဖို့အတွက် သယ်ယူပို့ဆောင်ရေး ရေယာဉ်တွေနဲ့ လေယာဉ်တွေကို စေလွှတ်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဗင်နီဇွဲလားနိုင်ငံဟာ တောင်အမေရိကနဲ့ ကာရစ်ဘီယံ ကျောက်ချပ်လွှာကြီးနှစ်ခု (Tectonic Plates) စပ်ကြားမှာ တည်ရှိနေတာကြောင့် သမိုင်းကြောင်းတစ်လျှောက် အားကောင်းတဲ့ ငလျင်ကြီးတွေ ကြုံတွေ့ခဲ့ရဖူးပါတယ်။ အခု ငလျင်လှုပ်ခတ်ခဲ့တဲ့ နေရာတစ်ဝိုက်မှာပဲ ၁၈၁၂ ခုနှစ်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ဖူးပြီး အဲဒီအချိန်က လူပေါင်း ၂၀,၀၀၀ ဝန်းကျင်အထိ သေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
သတင်း Source: BBC News