မိုးဗြဲတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ် ၁၉ ဦး သေဆုံး

 

ဇွန် ၂၅

The Kaladan Post

မိုးဗြဲအနီးတွင် မေလ ၁၃ ရက်နှင့် ဇွန်လ ၁၉ ရက်တို့၌ အယ်လ်ဖာစုံ(မိုးဗြဲနယ်)နှင့် စစ်ကောင်စီတပ် အကြား ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း အယ်လ်ဖာစုံ(မိုးဗြဲနယ်) တပ်ဖွဲ့က ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့က အသိပေးထုတ်ပြန်လာပါတယ်။
အဆိုပါစစ်တပ်ဟာအင်အားအများအပြားနှင့် လက်နက်ကြီးများအသုံးပြုကာ ထိုးစစ်ဆင်လာခဲ့သော် လည်း တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရပါတယ်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်ကြပ်အပါအဝင် ၁၉ ဦးခန့် သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူများရှိခဲ့ကာ လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း သိရပါတယ်။

မိုးဗြဲစစ်မျက်နှာစာတွင် အထိနာခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြေပြင်နှင့် ဝေဟင်ထိုးစစ်များ ပိုမိုပြင်းထန်စွာ ဆောင်ရွက်လာနိုင်ကြောင်း တပ်ဖွဲ့က သတိပေးထားပါတယ်။
ပြည်သူများအနေဖြင့် စစ်ရေးအသိနှင့် လုံခြုံရေးသတိများကို အထူးအလေးထားကာ သတိဝိရိယဖြင့် နေထိုင်ကြရန် အယ်လ်ဖာစုံ(မိုးဗြဲနယ်)က တိုက်တွန်းပြောဆိုထားပါတယ်။

#မိုးဗြဲတိုက်ပွဲ#ကရင်နီစစ်ရေး#အယ်လ်ဖာစုံမိုးဗြဲနယ်#စစ်ကောင်စီထိုးစစ်#MyanmarConflict

စစ်ကိုင်းတိုင်း စစ်ဆင်ရေးများအတွင်း စစ်တပ် ၃၃ ဦး သေဆုံး PDF စစ်ရုံးချုပ် ထုတ်ပြန်

 

ဇွန် ၂၅

The Kaladan Post

အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က မေလမှ ဇွန်လ တတိယပတ်အထိ စစ်ကိုင်းတိုင်းစစ်ဌာနအတွင်း ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများ တွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ ၃၃ ဦးနှင့် ဒဏ်ရာရသူ ၁၇ ဦးရှိခဲ့ကြောင်း ယမန်နေ့ ဇွန်လ ၂၄ ရက်ညနေပိုင်းတွင် ထုတ်ပြန်ထားပါတယ်။
မုံရွာ၊ မြင်းမူ၊ ချောင်းဦး၊ စစ်ကိုင်းနှင့် ဘုတလင်နယ်များရှိ တိုက်ခိုက်မှုများအတွင်း စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက်မျိုးစုံ ၁၆ လက်နှင့် ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း ပြောဆိုထားပါတယ်။
အဆိုပါ စစ်ဆင်ရေးများကို မုံရွာခရိုင်စစ်ဌာန၏ ကွပ်ကဲမှုဖြင့် ခရိုင်တပ်ရင်းများနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ဒေသခံကာကွယ်ရေးရဲဘော်များက စစ်တပ်၏ စစ်ကြောင်းများကို နေရာအနှံ့တွင် ဆက်တိုက်ခုခံ တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ အမှန်တကယ်များပြားနေကြောင်း ပြောဆိုထားပါတယ်။
စစ်ကိုင်းတိုင်းအတွင်း လက်ရှိတွင် ခါမ်းပတ်မြို့နယ်အပါအဝင် နေရာအချို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး မြို့ပေါ်ဒေသများကို စစ်တပ်က ထိန်းချုပ်ထားသော်လည်း ထိခိုက်ဆုံးရှုံးမှုများ ဆက်လက်ကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောဆိုထားပါတယ်။
ထုတ်ပြန်ထားသည့် သတင်းများမှာ စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့သည့် စစ်ဆင်ရေးအားလုံး မဟုတ်ဘဲ အချို့ကိုသာ ဖော်ပြထားခြင်းဖြစ်ကြောင်း PDF စစ်ရုံးချုပ်က အသိပေးထားပါတယ်။

#စစ်ကိုင်းတိုင်း#PDFစစ်ရုံးချုပ်#မုံရွာခရိုင်စစ်ဌာန#ပြည်သူ့ကာကွယ်ရေးတပ်မတော်

ကရင်နီပြည်နယ်တွင် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၆ သေဆုံး

 

ဇွန် ၂၅

The Kaladan Post

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းနှင့် နန်းမယ်ခုံမြို့နယ်အတွင်း စစ်တပ်၏ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောဆိုထားပါတယ်။
ဇွန်လ ၂၄ ရက်နေ့ ညပိုင်းတွင် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းအနီးသို့ ဂျက်ဖိုက် တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း IEC တာဝန်ရှိသူများက အတည်ပြုထားပြီး ထိခိုက်ပျက်စီးမှု အခြေအနေများကို ဆက်လက်စိစစ်နေကြောင်း သိရပါတယ်။
ထိုနေ့ မွန်းလွဲပိုင်းတွင် နန်းမယ်ခုံမြို့နယ် လီဝိုးကျေးရွာရှိ မူကြိုစာသင်ကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၆ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုထားပါတယ်။
ကရင်နီအရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းများအရ ၂၀၂၆ ခုနှစ်အတွင်း လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၃၀ ဦးထက်မနည်း သေဆုံးပြီး ၈၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများက အရပ်သားများ၏ လုံခြုံရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် ပိုမိုအလေးထား ဆောင်ရွက်ပေးရန် တိုက်တွန်းပြောဆိုထားပါတယ်။

#ကရင်နီပြည်နယ်#ဒီးမော့ဆို#နန်းမယ်ခုံ#လီဝိုးကျေးရွာ#မြန်မာစစ်ရေးသတင်း

ဘီးလင်းမြို့နယ်တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် သေဆုံး

 

ဇွန် ၂၅

The Kaladan Post

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ KNU အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကိုယ်ဝန် ၇ လရှိ အမျိုးသမီးတစ်ဦးနှင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း KNU က ထုတ်ပြန်ပြောဆိုထားပါတယ်။
ဇွန်လ ၂၂ ရက်နေ့တွင် ပဏ္ဍိကုန်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးကျည် ကြောင့် ဒေါ်ဇင်မာစိုး သေဆုံးခဲ့ပြီး ၎င်း၏ ကိုယ်ဝန်အတွင်းရှိ အမွှာသန္ဓေသား ၂ ဦး ပါ အသက်ဆုံးရှုံးခဲ့ ရကြောင်း ဖော်ပြထားပါတယ်။
အခြားနေအိမ်တစ်လုံးတွင်လည်း လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၁၁ နှစ်အရွယ် မိစနေ သေဆုံး ခဲ့ပြီး မိသားစုဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
စစ်တပ်သည် အရပ်သားများနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်များ ဆက်လက်ထိခိုက်ဆုံးရှုံးနေကြောင်း KNU ပြောဆိုထားပါတယ်။
ဒေသခံများအနေဖြင့် လုံခြုံရေးသတိ အထူးထားကြရန်နှင့် စစ်ရေးအခြေအနေများကို စောင့်ကြည့်နေကြရန်လည်း တိုက်တွန်းထားပါတယ်။

#ဘီးလင်းမြို့နယ်#KNU#လက်နက်ကြီးပစ်ခတ်မှု#အရပ်သားထိခိုက်သေဆုံးမှု#မွန်ပြည်နယ်သတင်း

AA ပူးပေါင်းတပ်ဖွဲ့က ကပစ-၁၆ အနီး ကာကင်းစခန်းများ ထပ်မံသိမ်းပိုက်

 

ဇွန် ၂၅

The Kaladan Post

ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ အမှတ်(၁၆) ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၁၆) အနီး ပွိုင့် ၅၀၀ ကုန်းဝန်းကျင်မှ ကာကင်းစခန်း သုံးခုထက်မနည်းကို အာရက္ခတပ်တော် (AA) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုထား ပါတယ်။

ဇွန်လအတွင်း AA ပူးပေါင်းတပ်ဖွဲ့၏ ထိုးစစ်များကြောင့် ကပစ-၁၆ ပတ်ဝန်းကျင်ရှိ ရှေ့ထွက်ကာကင်း စခန်းများ ဆက်တိုက်လက်လွတ်နေပြီး စစ်ကောင်စီတပ်ဘက်မှ အလောင်းများနှင့် လက်နက်ခဲယမ်း အများအပြား ဆုံးရှုံးခဲ့ကြောင်း ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်သည် လေကြောင်းနှင့် ဒရုန်းအင်အားများ အသုံးပြု၍ ပြန်လည်ခုခံနေသော်လည်း လက်လွှတ်ခဲ့ရသော စခန်းများကို ပြန်လည်ရယူနိုင်ခြင်းမရှိဘဲ အကျအဆုံးများဖြင့် ဆုတ်ခွာနေရ ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုထားပါတယ်။

AA နှင့် မဟာမိတ်တပ်ဖွဲ့များသည် ကပစ-၁၆ အပြင် ကပစ-၆ အနီးရှိ ညောင်ကျိုးအပါအဝင် အရေးပါ သော စခန်းများကိုလည်း သိမ်းပိုက်ထားပြီး စစ်ရေးဖိအားများကို ဆက်လက်တိုးမြှင့်နေကြောင်း သိရပါတယ်။

ပန်းတောင်းဒေသသည် ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဆက်စပ်သည့် မဟာဗျူဟာအရ အရေးပါသော နေရာဖြစ်ပြီး BPLA၊ PDF တပ်ရင်းများနှင့် CDF-Asho တို့လည်း AA နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေ ကြောင်း သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။

AA ပူးပေါင်းတပ်ဖွဲ့၏ ထိုးစစ်များကြောင့် ရခိုင်ရိုးမအရှေ့ဘက်ရှိ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံများ အပေါ် စစ်ရေးဖိအား ပိုမိုမြင့်တက်လာနေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရပါတယ်။

#AA#ကပစ၁၆#ပန်းတောင်းတိုက်ပွဲ#မဟာမိတ်တပ်ဖွဲ့#ရခိုင်ရိုးမအရှေ့ဘက်

ဇွန်လ တတိယပတ်အတွင်း စစ်တပ် အလင်းဝင်လာသူနှင့် စစ်သုံ့ပန်းအဖြစ် ၉၇ ဦး အထိရှိ

 

ဇွန် ၂၅

The Kaladan Post

ပြည်သူ့ပန်းတိုင်က ကောက်ယူထားသည့် မှတ်တမ်းများအရ ၂၀၂၆ ခုနှစ် ဇွန်လ တတိယပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲနှင့် ပြည်သူ့စစ် စုစုပေါင်း ၉၇ ဦး အလင်းဝင်ပူးပေါင်းခြင်း၊ လက်နက်ချခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းများ ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါ စာရင်းအရ စစ်သား ၇ ဦး အလင်းဝင်ပူးပေါင်းလာခဲ့ပြီး ၎င်းတို့အနက် ၂ ဦးမှာ စစ်မှုထမ်း တပ်သားသစ်များဖြစ်ကြောင်း သိရပါတယ်။
ထို့ပြင် စစ်သား ၂၀ ဦး လက်နက်ချခဲ့ပြီး စစ်သား ၆၉ ဦးနှင့် ပြည်သူ့စစ် ၁ ဦး စုစုပေါင်း ၇၀ ဦးမှာ တိုက်ပွဲများအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။

ဒီလိုဖြစ်စဥ်များနည်းလာအောင်ဆိုပြီး စစ်တပ်က ရခိုင်ရှေ့တန်းသို့ ပို့ဆောင်ခံရပြီးနောက် အလင်းဝင် ရောက်လာသည့် ခမရ-၅၆၂ မှ စစ်မှုထမ်းတပ်သား ၃ ဦးကို PDF က သတ်ဖြတ်လိုက်သည်ဟု စစ်တပ် က သတင်းဖြန့်ချိနေသော်လည်း ယင်းတပ်သားများအားလုံး ကျန်းမာစွာဖြင့် ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က တုံ့ပြန် ပြောဆိုထားပါတယ်။
အဆိုပါ အလင်းဝင်တပ်သား ၃ ဦးမှာ မကွေးတိုင်း ပဒါန်းမြို့ရှိ အမတ-၉၀၅ လက်အောက်ခံ ခမရ-၅၆၂ မှ ဖြစ်ကြပြီး မကြာသေးမီက တော်လှန်ရေးတပ်ဖွဲ့များထံ ဝင်ရောက်ပူးပေါင်းခဲ့ကြောင်း သိရပါတယ်။
တပ်တွင်း ထွက်ပြေးမှုနှင့် အလင်းဝင်မှုများ ပိုမိုမဖြစ်ပွားစေရန် ရည်ရွယ်ပြီး စစ်တပ်က သတင်းအမှား များနှင့် စိတ်ဓာတ်ရေးရာ ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။

#ပြည်သူ့ပန်းတိုင်#အလင်းဝင်ပူးပေါင်း#လက်နက်ချ#စစ်သုံ့ပန်း#မြန်မာ့နိုင်ငံရေးသတင်