မွန်ပြည်နယ် ရေးနှင့် သံဖြူဇရပ်မြို့နယ်များတွင် စစ်တပ်စစ်ကြောင်းနှင့် ရဲစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ ခံရ

မတ် ၁၃
The Kaladan Post
မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနှင့် ပူးပေါင်းမဟာမိတ်တပ်များက မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်း အောင်သပြေကျေးရွာ အနီး၊ သံဖြူဇရပ်မြို့နယ် ထင်းရှူးရဲစခန်း နှင့် ကနင်ကမော့ကျေးရွာ အနီးရှိ စစ်တပ် စစ်ကြောင်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် နေ့လည် ၂ နာရီခန့်တွင် အောင်သပြေကျေးရွာ အနီး ယာယီစခန်းချနေသော စစ်တပ် စစ်ကြောင်းကို ဒရုန်းဗုံးသီး ၄ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မတ်လ ၁ ရက် နေ့လည် ၁၁ နာရီဝန်းကျင်တွင် သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာ အခြေစိုက် ရဲစခန်းကို ဒရုန်းဗုံးသီး ၄ လုံးဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။ ထို့အပြင် မတ်လ ၅ ရက် နေ့လည် ၂ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် ကနင်ကမော့ကျေးရွာ အနီး ခေတ္တအခြေပြုနေသော စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းဗုံးသီး ၆ လုံးဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ သည်။ အဆိုပါ စစ်ဆင်ရေးများကို နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ YGF အမှတ်(၈၀၀၁) တပ်ရင်း ၊ KBDF အမှတ်(၈၀၀၂) တပ်ရင်း နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့မှ ဒရုန်းတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသော မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုက ဦးဆောင်ဆောင်ရွက်ခဲ့ပြီး တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်များဖြစ်သည့် MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ(၁) တို့ ပါဝင်ခဲ့ကြသည်။


ပုပ္ပါးဒေသတွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိ

မတ် ၁၃
The Kaladan Post
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတိုက်နယ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက် စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်မှုနှင့် ထိတွေ့တိုက်ပွဲများဖြင့် ထိရောက်စွာ တိုက်ခိုက်ခဲ့ကြောင်း ပုပ္ပါး ပြောက်ကျား တပ်ဖွဲ့က အသိပေးထားသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ညောင်ဦးမြို့နယ်ဘက်မှ လူသတ်၊ မီးရှို့ လုပ်ရပ်များဖြင့် စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ပါ စစ်ကြောင်း (၂) ကြောင်းသည် မတ်လ ၁ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတိုက်နယ်သို့ ဆက်လက် ဝင်ရောက်လာခဲ့သည်။ မတ်လ ၃ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် အင်အားဖြည့်ရန် လာသော အင်အား ၃၀ ပါ ဒိုင်နာ ကားတစ်စီးကို ကုန်းပေါ်နက်နှင့် မြောက်ကုန်း လမ်းပိုင်းတစ်နေရာတွင် PGF တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုထိခိုက်သူများ ကို ပြန်လည် သယ်ဆောင်သွားခဲ့သည်ဟု ပုပ္ပား ပြောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။ ထို့အပြင် မတ်လ ၄ ရက်နေ့တွင် စိုင်ခေါင်းတဲတိုက်အား မီးရှို့နေသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းနှင့် ညနေ ၄ နာရီ ဝန်းကျင်တွင် PGF တပ်ဖွဲ့အကြား ၁၅ မိနစ်ခန့် ထိတွေ့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားကာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်သား ၅ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို သန်းပင်ရွာဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ စစ်ဆင်ရေးများတွင် PGF တပ်ဖွဲ့ဘက်မှ ထိခိုက်မှု မရှိဘဲ ရန်သူ့စစ်ကြောင်းများကို ထိရောက်စွာ တုံ့ပြန်နိုင်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ်တွင် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် PDF တပ်ဖွဲ့ဝင် ၁ ဦး နှင့် ဒေသခံ ၂ ဦး ဒဏ်ရာရ

မတ် ၁၃
The Kaladan Post
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာကို စစ်ကောင်စီ တပ်ဖွဲ့က စက်တပ်လေထီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။ ယမန်နေ့ မတ်လ ၁၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာ နမခ မှ တက်လာသော စက်တပ်လေထီး ၂ စီးက ကျေးရွာ အနီးတစ်ဝိုက်သို့ ဗုံး ၁ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဗုံးပေါက်ကွဲမှုကြောင့် အသက် ၃၀ အရွယ် PDF တပ်ဖွဲ့ဝင်၏ နောက်ကျောနှင့် အသက် ၄၀ အရွယ် အမျိုးသမီး၏ လက်တို့ ဗုံးစ ထိမှန်ခဲ့ပြီး ဒဏ်ရာ ရရှိသူ နှစ်ဦးစလုံးကို နီးစပ်ရာ ဆေးခန်းတွင် ဆေးကုသမှု ခံယူနေရကာ ဒဏ်ရာများမှာ မစိုးရိမ်ရဟု ဆိုသည်။ ထို့အပြင် ယခင်က ဇန်နဝါရီ ၂ ရက်နေ့တွင်လည်း မုံရွာမြို့နယ် ညောင်ပင်ကျေးရွာကို စစ်ကောင်စီ ဘက်က စက်တပ်လေထီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦး သေဆုံးပြီး အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိခဲ့ဖူးကြောင်း သိရှိရသည်။

နောင်ချိုမြို့နယ်တွင် မြေမြှုပ်မိုင်း နင်းမိ၍ အမျိုးသား ၁ ဦး ခြေထောက်ဖြတ်ရပြီး ဆေးကုသစရိတ် အခက်အခဲ ရင်ဆိုင်နေ

မတ် ၁၃
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာအုပ်စု နောင်လိပ်ကျေးရွာတွင် နေထိုင်သူ ဦးမောင်သာနီ (အသက် ၅၅ နှစ်) သည် မတ်လ ၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် ရွာမှ ၃ မိုင်ခန့် အကွာရှိ တောတစ်နေရာတွင် ထင်းခုတ်နေရင်း မြေမြှုပ်မိုင်း နင်းမိခဲ့သဖြင့် ဘယ်ဖက်ခြေထောက် ဖြတ်လိုက်ရသည့်အပြင် ဘယ်ဖက်လက်ပါ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိ ပြင်ဦးလွင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကာ ဆေးကုသစရိတ်များအတွက် အခက်အခဲ ရှိနေကြောင်း သိရသည်။ ၎င်းသည် မိတ်ဆွေ ၃ ဦးနှင့် အတူသွားခဲ့ကြပြီး မိုင်းနင်းမိပြီး ဒဏ်ရာရရှိသူသည် တစ်ဦးတည်းသာ ဖြစ်ပြီး ရွာမှ ဆေးရုံအထိ ဘုန်းကြီးကားဖြင့် ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ တအာင်းအမျိုးသမီး အဖွဲ့အစည်း၏ မှတ်တမ်းအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ ရှမ်းမြောက်ဒေသတွင် မိုင်းနင်းမိမှုကြောင့် ကလေးငယ် ၆ ဦး အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၉ ဦးနှင့် သေဆုံးသူ ၁ ဦး ရှိခဲ့ကြောင်း သိရှိရသည်။ ထိုတောဖက်တွင် မည်သည့် လက်နက်ကိုင်အဖွဲ့ သွားလာခဲ့သည်ကို မသိရသေးကြောင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ကြောင့် မြေမြှုပ်မိုင်းများ ကျန်ရှိနေဆဲ ဖြစ်ပြီး ဒေသခံ အရပ်သားများ၏ နေ့စဉ်ဘဝ လုံခြုံရေး ခြိမ်းခြောက်ခံနေရဆဲ ဖြစ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းအဖွဲ့က ပြောဆိုသည်။

တချို့ဒေသများတွင် နိုင်ငံရေးအကြောင်းပြ၍ စားဝတ်နေရေး လုပ်ဆောင်နေကြဟု မင်းအောင်လှိုင် စွပ်စွဲပြောဆို

မတ် ၁၃
The Kaladan Post
နေပြည်တော်တွင် ကျင်းပခဲ့သော မြန်မာ့စာမျက်နှာသစ်ဖိုရမ်တွင် လက်ရှိ နိုင်ငံအတွင်း တည်ငြိမ်မှု ပျက်ပြားနေသော ဒေသများဖြစ်သည့် ကချင်၊ ချင်း၊ စစ်ကိုင်း၊ ရှမ်း၊ ကယား ပြည်နယ်တို့တွင် ပညာရေး အားနည်းမှုကြောင့် စဉ်းစားတွေးခေါ်နိုင်စွမ်း အားနည်းလာပြီး ဆူပူမှုများ ဖြစ်ပွားနေကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။ ထိုဒေသများတွင် နိုင်ငံရေးကို အကြောင်းပြ၍ စားဝတ်နေရေး အတွက် ရွှေ၊ သတ္တု၊ သစ်တို့ ခိုးတူးခိုးရောင်း၊ ဆက်ကြေးကောက်ခံ၊ ဂိတ်ဖွင့်ဆက်ကြေးတောင်း၊ လူဖမ်းဆီးဆက်ကြေးတောင်းမှုများ လုပ်ဆောင်နေကြောင်း ထောက်ပြထားသည်။ နိုင်ငံရေး သဘောထားကွဲလွဲမှု ရှိနိုင်သော်လည်း အဓိကအကြောင်းရင်းမှာ စားဝတ်နေရေး အတွက် လုပ်ဆောင်မှုများသာဖြစ်သည်ဟု စွပ်စွဲထားသည်။ ထို့ပြင် လက်ရှိ အခြေအနေများသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုကြောင့် နိုင်ငံရေး အကျပ်အတည်း ဖြစ်ပေါ်လာခဲ့ခြင်းကြောင့်ဖြစ်ပြီး ထိုအချက်ကို မစဉ်းစားကြသည်ဟု ပြောကြားခဲ့သည်။ သို့သော် ၂၀၂၅ ရွေးကောက်ပွဲကို သန့်ရှင်းမျှတစွာ ကျင်းပခဲ့ပြီး မဲမသမာမှု မဖြစ်အောင် လုပ်ဆောင်ခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တောင်ငူ ကေတုမတီ လေတပ်စခန်း ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် တိုက်ခိုက်ခံရ

မတ် ၁၃
The Kaladan Post
ပဲခူးတိုင်း တောင်ငူမြို့အခြေစိုက် ကေတုမတီ လေတပ်စခန်းအတွင်း လေယာဉ်ဆီလှောင်ကန်နှင့်အရေး ပါသော ပစ်မှတ်များကို မတ်လ ၁၂ ရက် ညက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် Brave Warriors for Myanmar (BWM) ဦးဆောင်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ပစ်ခတ်မှု ဒုံး ၁၈ လုံးအနက် ၁၃ လုံး အောင်မြင်စွာ ထိမှန်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များပြားခဲ့ကြောင်း BWM က ယနေ့ မတ်လ ၁၃ ရက်) ထုတ်ပြန်သည်။ ဒုံးများကို နေရာ ၃ နေရာ ခွဲ၍ ၆ လုံးစီ တစ်ပြိုင်တည်း ပစ်ခတ်ခဲ့ပြီး ၅ လုံး Error ဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်မှုကို BWM ၏ Mission 51 အဖြစ် Mountain Knight Civilian Defense Forces (MKCDF)၊ Anti Coup People’s Liberation Force (ACPLF) နှင့် KNLA တပ်မဟာ ၂ တပ်ရင်း ၅ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆီလှောင်ကန်ကို အဓိက ပစ်မှတ်ထားခဲ့ ပြီး စစ်တပ်၏ လေတပ်အင်အားကို အားနည်းစေရန် ရည်ရွယ်ခဲ့ကြောင်း BWM က ရှင်းပြသည်။ ပစ်ခတ်ပြီးနောက် လေတပ်ဘက်မှ လက်နက်ကြီး ၆ လုံးခန့်နှင့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြသည်။ တိုက်ခိုက်မှုအပြီး တောင်ငူ လေတပ်မှ လေယာဉ် အဆင်း အတက် မရှိဘဲ တံတားဦးနှင့် မကွေး လေတပ်များမှသာ လှုပ်ရှားနေကြောင်း လေကြောင်း သတင်းချန်နယ်များက ဆိုသည်။ စစ်ကောင်စီ လေတပ်မှ အီရန်မှ ဆီဝယ်ယူမှု အကြပ်ရိုက်နေချိန်တွင် ဆီလှောင်ကန်များကို တိုက်ခိုက်ခြင်းဖြင့် လေတပ်အင်အားကို ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဟု BWM က ဆက်လက် အလေးပေး ပြောဆိုထားသည်။


ထားဝယ်တော်လှန်ရေးတပ်များ ပေါင်းစည်း၍ “ထားဝယ်တပ်တော်” ဖွဲ့စည်း

မတ် ၁၃
The Kaladan Post
တနင်္သာရီတိုင်း၊ ထားဝယ်ဒေသတွင် တော်လှန်ရေးအင်အားစုများ စုစည်းကာ ထားဝယ်တပ်တော် (Tavoy Army) ကို စတင်ဖွဲ့စည်းခဲ့ကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ် (Tavoyan National Federation – TNF) က မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ TNF ၏ နိုင်ငံရေးဦးဆောင်မှု အောက်တွင် ရှေ့ဆက်သွားမည်ဖြစ်ပြီး ယခင်က ထားဝယ်နိုင်ငံရေးသည် ကိုယ်ပိုင်လမ်းကြောင်းမရှိဘဲ ရေစုန်မျှော်နေရသော အခြေအနေမှ လွတ်မြောက်ရန်၊ အစွန်းမရောက်သော ယဉ်ကျေးပြီး အမျိုးသား ရေးအခြေခံ နိုင်ငံရေးကို ဖော်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း အဖွဲ့ချုပ်ပြောရေးဆိုခွင့် ရှိသူ ကိုယောနသံက ရှင်းပြခဲ့သည်။ ၂၀၂၅ နိုဝင်ဘာလတွင် ထားဝယ်တော်လှန်ရေးအဖွဲ့အစည်းများ မျက်နှာစုံညီ တွေ့ဆုံ၍ ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးပူးပေါင်းကော်မတီ (TNUPC) ဖွဲ့စည်းခဲ့ပြီး၊ ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၃ ရက်အထိ ၄ ရက်ကြာ ကျင်းပခဲ့သော ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးညီလာခံမှ တဆင့် TNF ကို တရားဝင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ချိုးဖြူပြောက်ကျားတပ်ဖွဲ့၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) နှင့် နွေဦးပြောက်ကျား တပ်ဖွဲ့ စသည့် တပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်း၍ ထားဝယ်တပ်တော်ကို စတင်ဖွဲ့စည်းထားပြီး တစ်ခုတည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်တွင် စုစည်းကာ လူထုအား စိတ်ချလုံခြုံမှု ပေးနိုင်သော တပ်တော်တစ်ရပ် ဖြစ်လာရေး ရည်မှန်းထားကြောင်း သိရသည်။ TNF က ထားဝယ်အမျိုးသား အဖွဲ့ချုပ်၏ နိုင်ငံရေးအခြေခံမူ၊ ရည်မှန်းချက်နှင့် စံတန်ဖိုးများကို လက်ခံကျင့်သုံးနိုင်သော တပ်ဖွဲ့များကို တံခါးဖွင့်ကြိုဆိုထားပြီး ပိုမိုကျယ်ပြန့်သော စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိရေး ဆက်လက်ဆွေးနွေးသွားမည်ဟု ဆိုထားသည်။

စစ်တပ်၏ စစ်ရာဇဝတ်မှုများ ရပ်တန့်ရန် နိုင်ငံတကာမှ အပြင်းထန်ဆုံး ဖိအားပေးရန် KNU တိုက်တွန်း

မတ် ၁၃
The Kaladan Post
ကော်သူးလေနယ်မြေအတွင်း ဖေဖော်ဝါရီ-မတ်လအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၆၀ ကျော်ကြောင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် အရပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်ခဲ့သည်။ အတုအယောင်ရွေးကောက်ပွဲအပြီး စစ်တပ်သည် ကော်သူးလေနယ်မြေနှင့် နိုင်ငံတဝှမ်း အရပ်သားပြည်သူများ၊ အိမ်ရာ၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား၍ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ကို နေ့စဉ်ရက်ဆက် တိုးမြှင့်ကျူးလွန်နေကြောင်း၊ အရပ်သားများကို လက်လွတ်စပယ် သတ်ဖြတ်နေ မှုများကြောင့် လူသေဆုံးမှု၊ အိုးအိမ်ပျက်စီးမှု၊ ဒုက္ခသည်အလွန်များပြားလာမှုတို့ ဖြစ်ပေါ်နေကြောင်း KNU က ကန့်ကွက်သည်။ အာဏာသိမ်းစစ်တပ်သည် ကမ္ဘာ့အာရုံ အီရန်နှင့် အရှေ့အလယ်ပိုင်း ဒေသတွင် ရှိနေချိန်ကို အခွင့်ကောင်းယူ၍ တိုက်ပွဲမဖြစ်သည့်နေရာများကိုပင် ဗုံးကြဲတိုက်ခိုက်နေပြီး၊ နိုင်ငံတကာ၏ သံတမန်ဆက်ဆံမှုနှင့် တိုက်တွန်းမှုများကို လုံးဝ ဥပေက္ခာပြုနေကြောင်း ထောက်ပြခဲ့ သည်။ ASEAN ၏ ၅ ချက်သဘောတူညီချက် ပထမအချက် “အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ချင်း ရပ်တန့်ရေး” သည် ယနေ့အထိ အရာမထင်ဘဲ ပိုဆိုးရွားလာကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေ ဖြင့် ကြေညာချက်ထုတ်ပြန်ရုံသာမက လေယာဉ်ဆီ၊ လက်နက်၊ ဘဏ္ဍာငွေ စီးဆင်းမှုကို ထိရောက်စွာ ဖြတ်တောက်ရန်၊ အိုးမဲ့အိမ်မဲ့ ပြည်သူများအတွက် ရေရှည် လူသားချင်းစာနာအကူအညီ ပေးရန် အမြန်ဆုံး အပြင်းထန်ဆုံး ဖိအားပေးရန် KNU က တောင်းဆိုခဲ့သည်။ KNU အနေဖြင့် ပြည်သူများကို ကာကွယ်ရန်၊ စစ်အာဏာရှင်စနစ်အဆုံးသတ်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် မဟာမိတ်များနှင့် ဆက်လက် ပူးပေါင်းကြိုးပမ်းသွားမည်ဟု အခိုင်အမာ ကတိပြုထားသည်။

ဆွာမကြီးကျေးရွာတွင် စခန်းချတပ်စွဲထားသော စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် နှစ်ဦး အလင်းဝင်

မတ် ၁၃
The Kaladan Post
စစ်တောင်းမြစ်ဝှမ်း အရှေ့ဘက်ကမ်း၊ ရေတာရှည်မြို့နယ်၊ ဆွာမကြီးကျေးရွာတွင် စစ်ကောင်စီ စခန်းချ တပ်စွဲထားသော နေရာမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ရဲတပ်ကြပ် ထက်မိုးဟိန်း (ကိုယ်ပိုင်အမှတ် လ/၂၇၅၈၄၈) နှင့် ရဲတပ်သား ကျော်စွာ (ကိုယ်ပိုင်အမှတ် ၃၁၁၂၁၅) တို့သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အလင်းဝင်ရောက်ခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၈၀၃) က အသိပေးလာသည်။ အလင်းဝင်ရောက်လာစဉ် ၎င်းတို့သည် G3 သေနတ် ၂ လက်၊ ကျည်ဘောက် ၈ ဘောက်၊ ကျည် ၁၀၀ တောင့်နှင့် Vest ဝတ်စုံ ၂ ခုကို ယူဆောင်လာခဲ့ပြီး တပ်ရင်း(၈၀၃) မှတဆင့် နေပြည်တော်တိုင်းစစ်ဌာနသို့ လက်နက်ခဲယမ်းများနှင့်တကွ စနစ်တကျ အပ်နှံခဲ့ကြောင်း သိရသည်။ ယခုအခါ နေပြည်တော်တိုင်းစစ်ဌာနမှ အဆိုပါ ရဲတပ်သားနှစ်ဦးအား ပြည်သူ့ရင်ခွင်နှင့် ချိတ်ဆက်ပေးထားပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ကာ ပြည်ပတွင် အလုပ်အကိုင်ရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်ဟု တပ်ရင်း(၈၀၃) က ပြောဆိုသည်။ အလင်းဝင်ရောက်မှု သတင်းကို လုံခြုံရေးအရ ထိန်းသိမ်းထားရသဖြင့် သတင်းထုတ်ပြန်မှု နှောင့်နှေးခဲ့ရခြင်း ဖြစ်သည်။ အကြမ်းဖက် စစ်တပ်လက်အောက်ရှိ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ရောက် လိုပါက တပ်ရင်း(၈၀၃) နှင့် ဆက်သွယ်ချိတ်ဆက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။