စက်တင် ၁၀၊ ၂၀၂၆

The Kaladan Post

မလေးရှားနိုင်ငံအနေဖြင့် နယ်စပ်ဒေသများကို ထိန်းချုပ်ခွင့်ရှိသော်လည်း မြန်မာနိုင်ငံသားများအား နေရပ်ပြန်လည် ပို့ဆောင်ရာတွင် အချုပ်အခြာအာဏာ ကျင့်သုံးမှုနှင့် လူသားချင်းစာနာမှု တန်ဖိုးများအကြား အပြန်အလှန် ဟန်ချက်ညီစေရန် လိုအပ်ကြောင်း မလေးရှား ဥပဒေပညာရှင်တစ်ဦးက ထောက်ပြလိုက်ပါတယ်။

မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန (KDN) ၏ ဩဂုတ်လ ၂၇ ရက် ထုတ်ပြန်ချက်အရ သဘောဆန္ဒအလျောက် နေရပ်ပြန်မည့် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို လာမည့် စက်တင်ဘာ ၂၉ ရက်တွင် ပထမအသုတ်အဖြစ် စတင် ပို့ဆောင်မည်ဖြစ်ပါတယ်။ ယင်းသည် အဆင့်လိုက် ပြန်လည်ပို့ဆောင်မည့် လူပေါင်း ၅,၀၀၀ ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး မလေးရှားရှိ မြန်မာဒုက္ခသည်များတွင် ရိုဟင်ဂျာ၊ ချင်း၊ ကရင်နှင့် မွန် တိုင်းရင်းသားများ ပါဝင်နေတာ ဖြစ်ပါတယ်။

မလေးရှား အမျိုးသားတက္ကသိုလ် (UKM) ဥပဒေပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ ရှာရူလ် မီဇန် အစ္စမေးလ် (Shahrul Mizan Ismail) ၏ ရေးသားချက်တွင် UNHCR ကတ်သည် အလုပ်လုပ်ခွင့် သို့မဟုတ် နိုင်ငံသားဖြစ်ခွင့် မဟုတ်သော်လည်း အသက်အန္တရာယ်ရှိသော နေရာသို့ အတင်းအဓမ္မ ပြန်မပို့ရဟူသည့် နိုင်ငံတကာ စည်းမျဉ်း (Non-refoulement) ကို လိုက်နာရန် တာဝန်ရှိကြောင်း ဖော်ပြထားပါတယ်။ ၎င်းက ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်ခံရနိုင်သည့် အန္တရာယ်ရှိသော နေရာများသို့ ပြန်လည်ပို့ဆောင်ခြင်း မပြုသင့်ကြောင်း အလေးပေး ရေးသားထားပါတယ်။

နေရပ်ပြန်လည်ပို့ဆောင်ရေးသည် တရားဝင် ဖိအားပေးမှု ကင်းစင်ပြီး “သဘောဆန္ဒအလျောက်” အမှန်တကယ် ဖြစ်စေရန်အတွက် လွတ်လပ်စွာ ဆုံးဖြတ်ခွင့်၊ တစ်ဦးချင်း လူတွေ့စစ်ဆေးမှုနှင့် လုံခြုံစိတ်ချရမှုများ လိုအပ်တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံသား ၁,၂၀၀ ဦးကို ပို့ဆောင်မှု ရပ်ဆိုင်းရန် တရားလွှတ်တော်ချုပ်က အမိန့်ထုတ်ခဲ့သော်လည်း ထိုနေ့မှာပင် ၁,၀၈၆ ဦးကို ပို့ဆောင်ခဲ့သည့် ဖြစ်စဉ်ကိုလည်း သတိပေးချက်တစ်ခုအဖြစ် ပြန်လည် ထောက်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် မတရားဖမ်းဆီးမှု၊ ညှဉ်းပန်းမှုနှင့် မတည်ငြိမ်မှုများကြောင့် အစုလိုက်အပြုံလိုက် ပို့ဆောင်ခြင်းထက် အမှန်တကယ် လုံခြုံမှုရှိမရှိကို သေချာစွာ စိစစ်သင့်ကြောင်း ဖော်ပြထားပါတယ်။ ပညာရှင်က “နယ်စပ်ကိစ္စရပ်တွေမှာ တင်းကြပ်ပြတ်သားမှုက အရေးကြီးသလို လူသားတွေရဲ့ အသက်အန္တရာယ်နဲ့ ပတ်သက်လာရင်တော့ သေသေချာချာ စိစစ်မှုက ပိုပြီး အရေးကြီးပါတယ်” ဟု သုံးသပ်ထားပါတယ်။

Source – Utusan Malaysia